သကြားကို ပြန်လည်တင်ပို့ကုန် လိုင်စင်ဖြင့် တင်ပို့ခွင့် အစိုးရပိတ်သိမ်း


12 September, 2017

သကြားကို ပြန်လည်တင်ပို့ကုန် လိုင်စင်ဖြင့် တင်ပို့ခွင့် အစိုးရပိတ်သိမ်း

ပြန်လည်တင်ပို့ကုန် စနစ်ဖြင့် ပြည်ပသို့  ပြန်လည် တင်ပို့နေသည့် သကြားလုပ်ငန်းများကို စက်တင်ဘာမှစ၍  ပိတ်သိမ်းလိုက်ခြင်းကြောင့် အဆိုပါ လုပ်ငန်းများအပေါ် မှီခိုနေသည့်  လုပ်သားများ အလုပ်လက်မဲ့ ဖြစ်ခြင်းနှင့်အတူ နိုင်ငံတော်မှ ရရှိနေသည့်သွင်းကုန်၊  ပို့ကုန် လုပ်ငန်းခွန် ၄ ဒသမ ၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးနိုင်ကြောင်း သိရသည်။

စီးပွား၊ ကူးသန်း ဝန်ကြီးဌာန  အောက်ရှိကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာ သကြားအသင်းကနေ ဒီရီအိတ်စပို့စ်ကြောင့်ပြည်တွင်းသကြား ထုတ်လုပ်ငန်းတွေ ထိခိုက်သည်ဟု တင်ပြလာသည်။

သကြားတင်ပို့ လုပ်ငန်းကို မှီခိုနေရတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေတော့ ထိခိုက်နိုင်ပြီး ဆိပ်ကမ်း ကုန်တင်၊ ကုန်ချလုပ်တာကနေမူဆယ်ကနေတရုတ်ကို တင်ပို့သည်အထိကားလုပ်ငန်းများ အလုပ်မရတော့ဘူး။

ပြည်ပက တင်သွင်းတာက တစ်တန်ကို အမေရိကန်ဒေါ်လာ  ၄၀ဝ၊  ၅၀ဝ လောက်နှင့် ဝယ်ယူပြီးတော့ ပြည်ရောင်းသည့် အခါ ကန်ဒေါ်လာ ၆၀ဝ လောက်ရောင်းရသည်။

တန်ချိန် တစ်သန်းပို့ပါက အိတ်အရေအတွက်နှင့်ဆိုရင် အိတ်ပေါင်း သန်း ၂၀ ရှိသည်။

အဲ့ဒီအပေါ် မှီခို လုပ်ကိုင်နေရတဲ့သူတွေ အားလုံးတော့  အလုပ်အကိုင် ထိခိုက်လာမယ်။ ဒါ့ပြင်  နိုင်ငံတော်ကနေလည်း အခွန်မရတော့ဘူးပေါ့”ဟု ပြောသည်။

ထိုသို့ သကြားတင်ပို့ လုပ်ငန်းများ ရပ်နားလိုက်ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အခြေပြုကားဂိတ်ဖြစ်သည့် မန်း-လားရှိုး၊ မန်း-ကျောက်မဲ၊  မန်း-တောင်ကြီး၊ မန်း-မော်လမြိုင်နှင့် မန်း-ရန်ကုန် ကားလိုင်းများ၏ ကုန်စည်သယ်ခ နှုန်းထားများ တဖြည်းဖြည်း ကျဆင်းလာနေပြီး  မန်း-မူဆယ်ကားလိုင်းတွင်လည်း အလုပ်မဖြစ်ခြင်းကြောင့် ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်တင်ခက အခု ဘဏ္ဍာနှစ် ငါးလအတွင်းမှာကို ကျဆင်းလာပြီး တရုတ်ဘက်ကို ရီအိတ်စပို့စ် သကြားတွေ မပို့ရတော့ဘူးလို့ စီးပွား၊ ကူးသန်းဘက်ကနေ လုပ်လိုက်တော့ ကုန်သည်တွေလည်း အလာကျဲသွားသည်။

တရုတ် ကုန်သည်တွေလည်း အလာ နည်းသွားပြီး သကြားအိတ်ထမ်းတဲ့ အလုပ်သမားတွေလည်းအဆင်မပြေဖြစ်နေပါသည် ဟု ရန်ကုန်-မူဆယ် ကုန်သည်တစ်ဦးဖြစ်သူဦးအောင်သန်းဦးကပြောသည်။လက်ရှိဘဏ္ဍာနှစ်တွင်တရုတ်ဘက်မှ မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် ငွေကြေးလည်ပတ်စီးဆင်းနေသည့် ဘဏ်စာရင်းများ ယာယီပိတ်ခဲ့သည့် အထဲတွင်သကြား လုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများ ပါဝင်ခဲ့မူကြောင့် လုပ်ငန်းရှင်တချို့ နစ်နာဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လနှောင်းပိုင်းတွင် ပြန်လည်တင်ပို့ကုန် စနစ်ဖြင့်ကုန်သွယ်မှုပြုလုပ်နေသည့် ကုမ္ပဏီ ပေါင်း ၅၀ ကျော်ကို နာမည်ပျက်စာရင်း သွင်းလိုက်ခြင်း၊ တရုတ်နိုင်ငံဘက်မှလည်း အဖမ်း အဆီးများကြောင့် ပြည်တွင်း၌ လက်ကျန်သကြား တန်ချိန်သုံးသိန်းကျော် ကျန်နေသဖြင့် သကြားကုန်သည်များက ပြည်ပသို့  ပြန်လည်တင်ပို့ခြင်းအစား ပြည်တွင်း၌သာ ပြည်လည်ရောင်းချမှုများ ပြုလုပ်လာခဲ့သဖြင့်  ပြည်တွင်းသကြား လုပ်ငန်းများကိုပါထိခိုက်လာခဲ့ကာ သကြား ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်လည် တင်ပို့ကုန်စနစ်ဖြင့် သကြားတင်ပို့မှုမှ ပြည်လည်စီးဝင်လာသည့် နိုင်ငံခြားဝင်ငွေထိန်းချုပ်ရန်မှာလည်း စီးပွား၊ ကူးသန်းအနေဖြင့်ခက်ခဲနေကြောင်းအဆိုပါဝန်ကြီးဌာနမှလက်ထောက် အတွင်းဝန်က ပြောသည်။

“ရီအိတ်စပို့စ်စနစ် သကြားကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်းတွင်အားပေးမှာ မဟုတ်ပဲယင်းစနစ်လုပ်တာ တစ်နိုင်ငံလုံး၏ စီးပွားရေးကို အကျိုးမသက်ရောက်ဘူး။

ထိုငွေကသက်ဆိုင်ရာနိုင်ငံနှင့်သာသွားဆက်နွှယ်သည့်ကိစ္စဖြစ်ပြီး နိုင်ငံကိုဖြတ်သွားသည့် သဘောသာ ရှိပါသည်။

တိုင်းပြည်၏ စီးပွားရေးကို ထိရောက်မှု မရှိပဲ တိုင်းပြည်မှာ ကြံစိုက်တဲ့ဧရိယာ  အများကြီးရှိပြီး ထိုတောင်သူများကို ပံ့ပိုးပေးရမယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ သကြားနှင့် ကြံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ကြံစိုက်ပျိုးသည့် တောင်သူများ၏ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန် စီစဉ်နေပြီး သကြားစက် လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ၍ နိုင်ငံတကာ အဆင့်အတန်းမီ အရည်အသွေးရှိသည့် သကြားစက်

လုပ်ငန်းများ ဖြစ်လာစေရန် ချေးငွေများ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “တရုတ်ရဲ့ ဈေးကွက် လိုအပ်ချက်ကြီးမားလို့  အရင်က နိုင်ငံခြားကနေ သကြားကို တင်သွင်းပြီးတော့ ပြန်တင်ပို့နေရတယ်။ ဒါပေမယ့် အခု တရုတ်နိုင်ငံက တရားမဝင်တင်သွင်းတာ လက်မခံသလို တင်သွင်းလာတဲ့ ကုန်သည်တွေကိုလည်း အရေးယူနေတာကြောင့် သကြားကို ဆက်လက်တင်ပို့ခွင့် မပြုသင့်ဘူး။

သို့သော်တိကျသည့် စီမံခန့်ခွဲမှုနှင့် သကြားတင်ပို့ရောင်းချမှုကို ညှိနှိုင်းဆောင်ရွက်ပါ။

အခု လက်ရှိမှာ ခွင့်ပြုထားသည့် သကြားတင်သွင်းမှုကို ထုတ်လုပ်နိုင်သည့် ပမာဏနှင့် လုံလောက်သည့် ပမာဏ အတိုင်းဘဲခွင့်ပြု သင့်သည်” ဟု မြန်မာနိုင်ငံ သကြား၊ ကြံ လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဋ္ဌက ပြောသည်။ ပြန်လည်တင်ပို့ကုန်စနစ်ဖြင့် လုပ်ငန်း လိုင်စင်များ မထုတ်ပေးတော့ကြောင်း၊ ထိုသို့ တင်ပို့ခွင့် မပိတ်သိမ်းစဉ် ကာလအတွင်းက လက်ရှိ ဘဏ္ဍာနှစ် အတွင်းတွင် တန်ချိန် ငါးသိန်းကျော်ထိ တင်ပို့ထားပြီး ဖြစ်ကြောင်း သိရသည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ပြည်ပသို့ ပြန်လည်တင်ပို့ကုန် စနစ်ဖြင့် သကြားတင်ပို့မှု  တန်ချိန် ၁ ဒသမ ၆ သန်းကျော် ကန်ဒေါ်လာ သန်း ၉၀ဝ ကျော် ရရှိခဲ့ကြောင်း သိရသည်။

Source:thefarmermedia

Export, Import Read 1907 times