သထုံခရိုင်အတွင်း နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေ


03 April, 2019

လာမည့်နှစ်မှာ သထုံခရိုင်အတွင်း နွေစပါးတိုးချဲ့ စိုက်မျိုးနိုင်ဖို့ စိုက်ပျိုးရေရရှိရေး အစီအမံများ စတင်ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

တောင်သူများအနေနဲ့ နွေရာသီမှာ အခြားသီးနှံများထက် အကျိုးအမြတ်များပြီး တစ်ဧက တင်း ၁၀၀ ကျော်အထိ ထွက်ရှိနိုင်တဲ့ မျိုးကောင်းမျိုးသန့်များဖြင့် နွေစပါးစိုက်ပျိုးရန် ပြင်ဆင်လာကြပါတယ်။

ပြည်နယ်ဝန်ကြီး က ‘‘ဘီးလင်းမှာက ဆည်တွေ၊ တမံတွေ မရှိဘူး။ သဘာဝမိုးရေတွေကို ချောင်း၊ မြောင်းတွေထဲမှာ အဆင်ပြေသလို ပိတ်လှောင်ပြီး စိုက်နေရတာ။ ထပ်ပြီးတော့ ရေရရှိမယ်ဆိုရင် နောက်ထပ်အများကြီး စိုက်လာကြမှာ ဖြစ်တဲ့အတွက် ရေရရှိရေး စီမံဆောင်ရွက်နေပါတယ်’’လို့ ပြောပါတယ်။

ယခုနှစ်မှာ သထုံခရိုင်အတွင်း လေးမြို့နယ်မှာ ဆည်ရေ၊ ချောင်းပိတ်၊ မြောင်းပိတ်ရေ နဲ့ သဘာ၀၀င်ရေ စတဲ့ ရေရရှိရေး နည်းလမ်းများနဲ့ စိုက်ပျိုးထားတဲ့ နွေစပါးစိုက်ဧက သုံးသောင်းရှစ်ထောင်ကျော်ရှိတယ်လို့ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

‘‘လက်ရှိမှာတော့ နွေစပါး စိုက်ပျိုးဖို့ မြစ်ရေတင်စီမံချက်နဲ့ ဆောင်ရွက်တိုင်းတာ စစ်ဆေးနေတာတွေ လုပ်နေပါတယ်။ ရရှိလာတဲ့ အချက်တွေအရ လုပ်လို့ရမယ်ဆိုရင် ပြည်ထောင်စုအစိုးရနဲ့ ချိတ်ဆက်ပြီးတော့ ဘီးလင်းမြစ်ရေနဲ့ လျှပ်စစ်မြစ်ရေတင် စီမံကိန်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်’’ လို့ ပြည်နယ်ဝန်ကြီးက ပြောပါတယ်။

သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းရီက လက်ရှိမှာ ကတိုက်ဆည်ရေနဲ့ ပေါင်မြို့နယ်မှာ အများဆုံးစိုက်ပျိုးပြီး ဘီးလင်းမြို့နယ်မှာ ဒေသတွင်း ချောင်းပိတ်၊ မြောင်းပိတ်အစီအစဉ်နဲ့လည်း တိုးချဲ့စိုက်ပျိုးလာကြောင်း၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တွေမှာလည်း ရေရရှိမှုအပေါ် မူတည်ပြီး စိုက်ပျိုးနေကြောင်း  ပြောပါတယ်။

7Day Daily

Agriculture & Livestock Read 514 times