ဟိုင်းလီ(HYLI) Hitachi Young Leaders Initiative တွင် ဦးအိုက်ထွန်းမှ Key Note ပြောကြား


08 August, 2017

ဟိုင်းလီ(HYLI)၏၁၄ကြိမ်မြောက်အစီအစဉ်ဒုတိယနေ့တွင် Keynote ကိုရွှေတောင်လုပ်ငန်းစု၏အကြီးအကဲဦးအိုက်ထွန်းမှ ပြောကြားခဲ့သည်။

ဟိုင်းလီ(HYLI) ဟုအတိုကောက်ခေါ်ဝေါ်ကြသည့် Hitachi Young Leaders Initiative အစီအစဉ်၏ (၁၄)ကြိမ်မြောက်ကျင်းပသည့် အစီအစဉ်ကို မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်အဖြစ်လာရောက်ကျင်းပခဲ့သည်။

ရန်ကုန်မြို့ရှန်ဂရီလာဟိုတယ်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှ ၁၃ ရက်အထိ ၃ရက်တိုင်တိုင်ကျင်းပခဲ့ရာ ဒုတိယနေ့တွင် Sustainable Urban Transportation ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးသည်။

ရွှေတောင်လုပ်ငန်းစုသည်ရန်ကုန်မြို့၌ထင်ရှားသောအဆောက်အဦအသစ်များဆောက်လုပ်ခဲ့ရာ၌ ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Junction City ကိုပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အထောက်အကူပြုသည့် ပစ္စည်းများ၊ နည်းလမ်းများနှင့် နည်းပညာ များကို သုံးစွဲခဲ့ကြောင်း ရှင်းလင်းပြောကြား သည်။ အဆောက်အဦဒီဇိုင်းကိုစင်ကာပူမှ DP Architects က တာဝန်ယူပြီး ဒီဇိုင်းထုတ်ပေး ခဲ့ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမိတ်ဘက်ပြုသည့်ပစ္စည်းများသုံးစွဲခြင်း၊ရေသုံးစွဲမှုကိုအကျိုးထိရောက်စွာသုံးစွဲသည့်နည်းပညာ များသုံးစွဲထားခြင်း၊စွမ်းအင်ကိုအကျိုးထိရောက်စွာသုံးစွဲသည့်နည်းပညာများသုံးစွဲထားခြင်းတို့ကြောင့်ပတ်ဝန်းကျင် စိမ်းလန်းရေးအရည်အသွေးမြင့်မားသောအဆောက်အဦဖြစ်စေခဲ့သည်။

သို့ဖြစ်ရာ Building and Construction Authority of Singapore မှချမှတ်ထားသည့် Green Mark အဆင့်အတန်း များ မြင့်မားသည့်အဆင့်ကိုစံချိန်မီခဲ့သည်။

အမိုးပေါ်တွင်နေရောင်ခြည်စွမ်းအင်ရယူရန်ဆိုလာပြားများတပ်ဆင်ထားသည်။

သုံးစွဲပြီးသားရေကိုသန့်စင်ပြီးတစ်ဖန်ပြန်လည်သုံးစွဲ ခြင်း၊ မိုးရေကို ခံယူစုဆောင်းပြီးသုံးစွဲခြင်းတို့ အတွက်နည်းပညာများနှင့် စနစ်များထားရှိပေးထားသည်။

အနီးပတ်ဝန်းကျင်ပိုမိုကောင်းမွန်စေရန်အတွက်လည်းဆောင်ရွက်ပေးခဲ့ရာ၌ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိလူကူးတံတားကို အမိုး မိုးခြင်း၊ အလှဆင်ခြင်း၊ စက်လှေကားများ တပ်ဆင်ပေးခြင်းတို့ဆောင်ရွက်ပေးခဲ့သည်။

အနီးတဝိုက်ရှိဘတ်စ်ကားမှတ်တိုင်ကိုလည်းကျကျနနအသစ်တည်ဆောက်ပေးခဲ့သည်။

ယာဉ်ရပ်နားရန်အတွက်နေရာကိုလည်းထည့်သွင်းစီစဉ်ခဲ့ပြီးယာဉ်စီးရေ ၁,၅၀၀ ဝန်းကျင် ရပ်နားရန်နေရာရှိသည်။

သို့ဖြစ်၍မြန်မာနိုင်ငံတွင်အကြီးမားဆုံးယာဉ်ရပ်နားရန်နေရာတစ်ခုအဖြစ်မှတ်တမ်းဝင်သည်။

၁၉၉၀ပြည့်လွန်နှစ်များတွင်ထူထောင်ခဲ့သောရွှေတောင်လုပ်ငန်းစုသည်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအဖြစ်လူသိများသော်လည်းစက်မှုလုပ်ငန်းများ၊ကုန်သွယ်မှု၊အခြေခံအဆောက်အအုံ၊အာမခံလုပ်ငန်းအစရှိသည်တို့ကိုလည်းလုပ်ကိုင်လျက်ရှိသည်။ BMWကားများအတွက်တစ်ဦးတည်းဖြန့်ချိရေးကိုယ်စားလှယ်ကိုမြန်မာနိုင်ငံအတွက်ရယူလုပ်ကိုင်လျက်ရှိသည်။ လုပ်ငန်းစုတစ်ခုလုံးအနေဖြင့်အင်အား ခြောက်ထောင်ဝန်းကျင်ကိုအလုပ်အကိုင်ပေးထားသည်ဟုသိရသည်။

ရွှေတောင်လုပ်ငန်းစုမှဆောက်လုပ်ရေးစီမံကိန်းပေါင်း ၅၀ ကျော်ကိုလုပ်ကိုင်ခဲ့ပြီးရန်ကုန်မြို့၌ Junction City ၊ Junction Square ၊ Crystal Tower ၊ Crystal Residences ၊ Union Business Centre ၊ Union Financial Centre တို့သည် ထင်ရှားသည့်အဆောက်အဦများဖြစ်သည်။

 

Local News Read 983 times