ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသဖွံ့ဖြိုးရေးအတွက် ဆွစ်ဇာလန်အစိုးရအကူအညီဖြင့် ၂၀၁၈ မှစတင်ပြီး ၂၀၂၂ ခုနှစ်အထိလုပ်ဆောင်သွားရန် ဇူလိုင်လ ဒုတိယပတ်ကသဘောတူညီချက်ရရှိထားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖူလိုင်လ ၂၇ ရက်နေ့တွင်သိရသည်။
အင်းလေးဒေသဖွံ့ဖြိုးရေးအတွက် ဆွစ်ဇာလန်အစိုးရက ဆွစ်ဖရန့်ငွေ ၄.၈ သန်းအကူအညီပေးမည်ဖြစ်ကာ အင်းလေးဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် အင်းသူအင်းသားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
စီးပွားကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ" အင်းလေးဒေသကို ခရီးသွားတွေလာရင် ဒေသထွက်ကုန်တွေ၊ အစားအသောက်တွေကို အရင်ကထက် ပိုရောင်းနိင်အောင်အပြင် အမျိုးအမည်တွေပိုထုတ်နိင်ဖို့ ကူညီပေးမယ်။ဒီအတွက်နှစ်မကုန်ခင်မှာ ကွင်းဆင်းလေ့လာမှုတွေလုပ်သွားမှာပါ။ လိုအပ်တဲ့ နည်းပညာသင်တန်းတွေကိုလည်း ဒေသခံတွေကိုပေးသွားမှာပါ"ဟုပြောသည်။
ကမ္ဘာလှည့်ခရီးသွားများနှစ်စဉ် လာရောက်လည်ပတ်လေ့ရှိသော အင်းလေးဒေသတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စိုက်ပျိုးရေးလုပ်ငန်းအပြင် အခြားအလုပ်အကိုင်များဖြင့် အစားထိုးဆောင်ရွက်ရန်လိုအပ်နေကြောင်းသိရသည်။
အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ ဦးထွန်းလှိုင်က" အသက်မွေးဝမ်းကျောင်းသင်တန်းကို အများကြီးဆောင်ရွက်ဖို့ လိုနေပါသေးတယ်။ အဖြစ်ချင်ဆုံးကတော့ လုပ်ငန်းကိုင်ငန်း အစားထိုးဖို့ပေါ့။ တစ်ချို့စိုက်ပျိုးရေးရွာတွေမှာဆိုရင် အလုပ်အကိုင်ပြောင်လဲလာတယ်။ အထည်ချုပ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပင်နီလုပ်ငန်း၊ သိုးချည်နဲ့ လွယ်အိတ်ရက်တာတွေရှိတယ်။ ခရီးသွားလာရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို ကြိုးစားနေပါတယ်။ ခရီးသွားလုပ်ငန်းကိုဝင်မယ်ဆိုရင် အမှတ်တရပစ္စည်းရောင်း၊ မော်တော်မောင်း၊ စားသောက်ဆိုင်အသေးလေးတွေ တည်ထောင်တာနဲ့ တစ်ချို့ဟိုတယ်တွေမှာ ဝန်ထမ်းအနည်းငယ်လောက် ဝင်ရောက်လုပ်ကိုင်နိင်တဲ့ ကိစ္စလောက်သာ လုပ်ကိုင်နိင်ပါသေးတယ်" ဟုပြောကြားခဲ့သည်။
Pyi Myanmar