ငါးသယံဇာတ ၈၀ ရာခိုင်နှုန်းကျော်မရှိတော့သော တနင်္သာရီ


14 May, 2018

မြန်မာနိုင်ငံ၏ တောင်ဘက်ခြမ်းတွင်တည်ရှိ၍ ရေသယံဇာတများပေါများရာ ဒေသတစ်ခုဖြစ်သော တနင်္သာရီတိုင်းဒေသကြီးတွင် ရေသယံဇာတများ များစွာဆုံးရှုံးနေပြီး လက်ရှိတွင် ငါးသယံဇာတများ ၂၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဒေသခံတောင်သူတစ်ဦးက ပြောခဲ့ပါသည်။

ပင်လယ်ပြင်ရှိ သဘာဝသယံဇာတ ၈၀ ရာခိုင်နှုန်းမှာ အဆမတန်ဖမ်းဆီးမှု၊ စည်းကမ်းမဲ့ဖမ်းဆီးမှုများကြောင့် ပြုန်းတီးသွားရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ရှားပါးကြောင်းကို နော်ဝေးနိုင်ငံမှ သုတေသနပြုလုပ်ကာ စာတန်းထုတ်ပြန်ခဲ့သောကြောင့် မိမိတို့အနေဖြင့် သိရှိခဲံခြင်းဖြစ်ကြောင်းနှင့် ယင်းထုတ်ပြန်ချက်တွင် ရေအောက်ငါး ၂၀ ရာခိုင်နှုန်းနှင့် ရေပေါ်ငါး ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကာ ပျှမ်းမျှအားဖြင့် ငါးသယံဇာတစုစုပေါင်း ၂၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း သိရပါသည်။

ထို့အပြင် ဒီရေတောများကို ငါးမုန့်စက်ရုံများ၊ မီးသွေးလုပ်ငန်းများအတွက် မဆင်မခြင်ခုတ်လှဲမှုများကြောင့် ဒီရေတောများပြတ်စီးကာ ဂေဟဟနစ်ယိုယွင်းလာခဲ့ပြီး ပါကျန်ပိုက်၊အနုမြူပိုက်၊ ကျားပါးစပ်ပိုက်တို့ဖြင့် ဖမ်းဆီးခြင်း၊ ရှော့ရိုက်ဖမ်းဆီးခြင်းနှင့် မိုင်းခွဲဖမ်းဆီးခြင်းတို့အထိ ပြုလုပ်လာခြင်းကြောင့်လည်း ငါးသယံဇာတများ ပျက်ဆီးလာရခြင်းဖြစ်ကြောင်း ၎င်းကပြောခဲ့ပါသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ငါးဖမ်းရာသီသတ်မှတ်ပေးရုံမျှသာမက သုတေသနများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးခြင်း၊ ငါးလုပ်ငန်းဆိုင်ရာပညာရှင်များ မွေးထုတ်ပေးခြင်း၊ လုပ်ငန်းစစ်ဆေးသည့်ဝန်ထမ်းများတိုးခန့်ခြင်း၊ နိုင်ငံခြားငါးဖမ်းလှေများကို စနစ်တကျ စောင့်ကြည့်ကင်းလှည့်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်သင့်ကြောင်းနှင့် ထိုင်းနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်နေသည့် တားမြစ်ငါးဖမ်းကိရိယာများကိုလည်း သေချာစွာ စိစစ်မှုများဆောင်ရွက်သင့်ကြောင်း အကြံပေးခဲ့ပါသည်။

 Pyimyanmar

Local News Read 685 times