အခွန်ပေးချေမှုကို မိုဘိုင်းပေးချေစနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်


24 September, 2018

အခွန်ထမ်းပြည်သူများမိုဘိုင်းငွေပေးချေမှုနှင့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးလိုသောလုပ်ငန်း ၁၈ ခုထိရှိကြောင်းပြည်တွင်းအခွန်များဦးစီးဌာနမှသိရသည်။
လစဉ်ထမ်းဆောင်နေရသည့် ကုန်သွယ်လုပ်ငန်းခွန် ၊ အထူးကုန်စည်ခွန် ၊ သုံးလတကြိမ် ထမ်းဆောင်ရ သည့် ဝင်ငွေခွန်များကို မိုဘိုင်းပေးချေစနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေကြေး အဖွဲ့အစည်းများ၏ အဆိုပြုလွှာများကိုပြီးခဲ့သည့် သြဂုတ်(၁၀)ရက်မှ(၃၀)ရက်အထိ နောက်ဆုံးထား လက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပြုလွှာတင်သွင်းလာသောလုပ်ငန်း ၁၈ ခုတွင် Mobile Wallet လုပ်ကိုင်နေသောလုပ်ငန်း ၃ ခု ၊ ဘဏ် ၆ ခု ၊ မိုဘိုင်းငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် Technical Provider အဖြစ်ဆောင်ရွက် ပေးနေသည့်လုပ်ငန်း(၅)ခု ၊ သီးခြား IT ဝန်ဆောင်မှုပေးနေသောလုပ်ငန်း(၃)ခုနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

“သူတို့ပေးမယ့် ဝန်ဆောင်မှု၊ကိုယ်လိုချင်တဲ့အချက်အလက်တွေနဲ့အပြန် အလှန်ညှိုနှိုင်းပြီးတော့အကောင်း ဆုံး ဝန်ဆောင်မှုဖြစ်တဲ့ဟာတွေကိုရွေးချယ်သွားမှာပါ၊ ဘယ်လောက်ရွေးချယ်မယ်လို့တော့မရှိဘူး။ အဆင်ပြေရင် တော့လေးခုဖြစ်ရင်လဲဖြစ်မယ်။ ငါးခုဖြစ်ရင်လဲဖြစ်မယ်။ အခွန်ထမ်းကတော့သူနဲ့အဆင်ပြေမယ့် ဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုနိုင်အောင်ပါ”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်ကပြောသည်။

အခွန်ထမ်းပြည်သူများခေတ်မီICT နည်းပညာဖြစ်သည့်I-Banking၊Mobile Banking စနစ်များအသုံးပြု၍လည်းကောင်း၊မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့အစည်းများ၏Mobile Payment စနစ်များအသုံးပြု၍လည်းကောင်းပေးဆောင်နိုင်ရန်ဆောင်ရွက်သွားမည်ဟုအဆိုပြုလွှာဖိတ်ခေါ်ခြင်း၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ခံရရှိထားသည့်အဆိုပြုလွှာများတွင်နာမည်ကြီး ဘဏ်အချို့၏ဝန်ဆောင်မှုများအပြင်Mobile Payment စနစ်အကောင်အထည်ဖော်မည့် မိုဘိုင်းငွေကြေးအဖွဲ့အစည်းများ ၏ငွေကြေးစီးဆင်းမှုတစ်ကြောင်း အပေါ် သတ်မှတ်နှုန်းထားတစ်ခုဖြင့်ကောက်ခံခြင်း၊ ရာခိုင်နှုန်းထားတစ်ခုဖြင့်ကောက်ခံခြင်း အမျိုးမျိုးပါဝင် သည်ဟု ဦးမင်းထွဋ်ကရှင်းပြသည်။

“1 transaction ကို၂၀၀ကျပ်နဲ့ယူမလား။ ရာခိုင်နှုန်းနဲ့ယူမလား။တချို့အဖွဲ့အစည်းကျတော့လဲ အလကား လုပ်ပေးမယ်၊ ဒါပေမဲ့တဖက်မှာအခြားဝန်ဆောင်မှုမျိုးကို ဘယ်လိုပြန်ယူမလဲဆိုတာတွေရှိပြန်တာ ပေါ့။ အမျိုးမျိုးပါတစ်ခုနဲ့တစ်ခုမတူညီဘူး။ကျယ်ပြန့်တယ်”ဟု၎င်းကဆိုသည်။

အဆိုပါ အခွန်ထမ်းစနစ်အတွက် အဆိုပြုလွှာတင်ပြသည့် EOIများကိုအဆိုပြုလွှာစိစစ်ရွေး ချယ်ရေး ကော်မတီကဗဟိုဘဏ်နှင့် မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြားချက်များ ၊မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု ဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းများကို အခြေခံကာရွေးချယ်သွားမည်ဖြစ်ပြီး ယင်းစနစ်စတင် လည်ပတ်၍အသုံးပြုနိုင်မည့်အချိန်ကာလကိုမခန့်မှန်းနိုင်ကြောင်းပြည်တွင်းအခွန်ဦးစီဌာနမှသိရသည်။

 

Banking & Loan Taxation Read 531 times