မြန်မာနိုင်ငံ၏ အခွန်နှင့် GDP အချိုးသည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိခြင်းကြောင့် အစိုးရအဆက်ဆက်သည် အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးကို အလေးပေးဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
ဒီမိုကနေစီစနစ်အကူးအပြောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်မှစ၍ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်။ အခွန်ကောက်ခံမှုနှင့် GDP အချိုးမြင့်တက်စေရန်နှင့် ခေတ်မီအခွန်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်သို့ ပြောင်းလဲရန် အဓိကရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
အခွန်မူဝါဒ
ပထမအဆင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ၂ဝ၁၂ မှ ၂ဝ၁၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ဆိုင်ရာ မူဝါဒနှင့် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။အခွန်ဆိုင်ရာ မူဝါဒတွင် အခွန်ရုံးက အခွန်စည်းကြပ်သည့်စနစ် (OAS) ကို အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (SAS) သို့ ပြောင်းလဲကျင့်သုံးရန် အချက်ကို အဓိက ဆောင်ရွက်ခဲ့သည်။
အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် စာရွက်စာတမ်း အခြေခံစီမံခန့်ခွဲမှုစနစ်များကို ဒစ်ဂျစ်တယ် နည်းပညာအခြေခံစနစ် စီမံခန့်ခွဲမှုများအဖြစ် အသွင်ကူးပြောင်းခြင်းတို့ ပါဝင်သည်။IMF နှင့် World Bank တို့က အကြံပေးခဲ့သည့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအနက် အခွန်မူဝါဒ ပထမ ခြေလှမ်းအဖြစ် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (SAS) ပြောင်းလဲဆောင်ရွက်ရန် အချက်သည် အဓိကပါဝင်ခဲ့ပြီး ၎င်းတို့အနေဖြင့် အခွန်စည်းကြပ်သည့် စနစ်ပုံစံ အားလုံးကို OAS စနစ်မှ SAS စနစ်သို့ ချက်ချင်းပြောင်းလဲခြင်း မပြုဘဲ အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး၊ အခွန်ထမ်းငယ်များဆိုင်ရာအခွန်ရုံး စသည့်ဖြင့် အဆင့်ဆင့်သတ်မှတ်ပြီး SAS စနစ်ပြောင်းလဲရန် အကြုံပြုခဲ့သည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
'' OAS ကနေ SAS စနစ်ပြောင်းပြီးနောက်မှာ အခွန်ထမ်းတွေ လိုက်နာဆောင်ရွက်မှုသိပ်ကောင်းနေတာကို တွေ့ရပါတယ်။ SAS စနစ်မှာ စိန်ခေါ်မှုအနေနဲ့ စိတ်နေစိတ်ထားတွေ နည်းနည်းပြောင်းဖို့ လိုပါတယ်။ ဌာနအနေနဲ့လည်း လူ့စွမ်းအားအရင်းအမြစ် အကန့်အသတ်က ရှိနေတော့ ချက်ချင်းကြီးပြောင်းဖို့က မလွယ်ပါဘူး။ ကျွန်တော်တို့က အလွန်အားနည်းတဲ့ နေရာကနေ စရတာဖြစ်တဲ့အတွက် ချက်ချင်းကြီး မလွယ်ပါဘူး'' ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
လက်ရှိတွင် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (SAS) ပြောင်းလဲကျင့်သုံးသော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ ရုံးတို့တွင် အခွန်ထမ်း ၃,ဝဝဝ ကျော် ရှိနေပြီဖြစ်သည်။ ၂ဝ၂၂ တွင် ကိုယ်တိုင်စည်းကြပ်သည့် အခွန်ထမ်းများထံမှ ကောက်ခံရရှိမှုသည် စုစုပေါင်း အခွန်ကောက်ခံရရှိမှု၏ ၈ဝ မှ ၉ဝ ရာခိုင်နှုန်းအထိဖြစ်လာရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ မျှော်မှန်းထားသည်။
အခွန်လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုများ
အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုအခြေအနေသည် ယခင်နှင့် နှိုင်းယှဉ်ပါက များစွာတိုးတက်လာသလို ဆက်လက်တိုးတက်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ရန်လိုအပ်ဦးမည်ဟု စီးပွားရေးနယ်ပယ်က လုပ်ငန်းရှင်အချို့က မြင်သည်။
'' အခွန်ထမ်းဆောင်ချင်သည့်တိုင် Procedure (လုပ်ထုံးလုပ်နည်း) တွေက နည်းနည်းခက်ခဲသလို ဖြစ်နေတယ်။ နောက်ပြီး အခွန်ထမ်းနဲ့ အခွန်စည်းကြပ်သူကြားထဲမှာ ဆက်ဆံရေးကောင်းဖို့ လိုပါတယ်။ အခွန်ထမ်းဘက်ကလည်း ငါတို့ဘက်က ဒီလိုပြလိုက်ရင် အခွန်ရုံးက အများကြီးတင်မယ်၊ အခွန်ရုံးကလည်း သူတို့ရှောင်လို့ ငါတို့တက်တာ။ အခွန်ထမ်းနဲ့ အခွန်စည်းကြပ်သူက Partner (မိတ်ဖက်ပါပဲ။ ဒီကုမ္ပဏီတွေ ရှေ့ဆက်သွားမှ အခွန်ရမှာပါဆိုတဲ့ အမြင်မျိုးနဲ့ Trust & Confidence (ယုံကြည်စိတ်ချမှု) မျိုးနဲ့ သွားစေချင်ပါတယ်။ အခွန်ထမ်းနဲ့ အခွန်စည်းကြပ်သူတွေ အကြားအမြင်တွေ ပြောင်းလဲမှသာ အခွန်မူဝါဒက အောင်မြင်မယ်လို့ မြင်ပါတယ်''ဟု မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဒုတိယဥက္ကဌ ဦးမိုးကျော်က ပြောသည်။
'' တိုင်းပြည်မှာ တဖြည်းဖြည်းနဲ့ အခွန်ယဉ်ကျေးမှုက ရင်းနှီးလာပါပြီ။ အရင်က စားသောင်ဆိုင်မှာ သွားစားရင် ဘာမှပေးစရာ မလိုဘူး။ အခုဆို စားသောက်ဆိုင် တော်တော်များများမှာ ကုန်သွယ်လုပ်ငန်းခွန် ပေးရတယ်။ လူတွေလည်းဒါနဲ့ ရင်းနှီးလာပါပြီ။ လွယ်ကူရှင်းလင်းတဲ့ အခွန်စနစ် ဖြစ်လာမယ်ဆိုရင် ယနေ့ရတဲ့အခွန်ထက် ပိုရလာမှာပါ''ဟု မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ် အလုပ်အမှုဆောင် ဒေါက်တာတင်လတ်က ပြောသည်။
အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ပထမအဆင့်အဖြစ် ၂ဝ၁၂ မှ ၂ဝ၁၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ဒုတိယအဆင့်အဖြစ် ၂ဝ၁၇-၁၈ မှ ၂ဝ၂၁-၂၂ အထိ ဆက်လက်ဆောင်ရွက်နေသည်။ပြည်တွင်းအခွန်ဦးစီးဌာန၏ ဒုတိယအဆင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ် တင်ပြချက်အစီရင်ခံစာအရ ၂ဝ၁၉−၂ဝ ဘဏ္ဍာနှစ်သည် နည်းပညာ အခြေပြု အခွန်ဆိုင်ရာစီမံခန့်ခွဲမှု စနစ်သစ်တစ်ရပ်ကို စတင်ဖြန့်ကြက်အသုံးပြုရန် စီစဉ်ထားသည်ဟု ဆိုသည်။ခေတ်မီ အခွန်စီမံခန့်ခွဲမှုစနစ် Integrated Tax Administration System (ITAX) စနစ်ကို ကျင့်သုံးရန် ဆောင်ရွက်နေပြီး အဆိုပါစနစ်သည် အွန်လိုင်းအသုံးပြု၍ အခွန်ထမ်းမှတ်ပုံတင်ခြင်း၊ အွန်လိုင်းမှ ငွေပေးချေ၍ အခွန်ထမ်းဆောင်ခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ကွန်ပျူတာအပြင် ဖုန်းအသုံးပြု Application ဖြင့်ပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
''ITAX မှာ သတ်မှတ်ချိန်အတွင်း အခွန်မပေးဘူးဆိုရင် သီးသန့် သတိပေးတာမျိုးတွေ လာပါမယ်။ တကယ်လို့ မဆောင်ဘူးဆိုရင် အလိုလိုရပ်သွားသလို ဖြစ်သွားပြီး သူ့ပစ္စည်းတွေ ထုတ်မရတာမျိုး ဖြစ်သွားမယ်။ ဒါတွေ ပြီးသွားမယ်ဆိုရင် အခွန်ထမ်းဆောင်ရတဲ့ အပိုင်းမှာ ပိုမိုလွယ်ကူလာပါမယ်''ဟု ဦးမင်းထွဋ်က ပြောသည်။
အခွန်ဝန်ထုပ်ဝန်ပိုးဖြစ်နေလား
အခွန်ဘဏ္ဍာငွေသည် အစိုးရ၏ အဓိကဘဏ္ဍာရငွေ အရင်းအမြစ်ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်တွင် အခွန်နှင့် ဂျီဒီပီအချိုးသည် သုံးရာခိုင်နှုန်းခန့်သာရှိရာမှာ လက်ရှိတွင် အခွန်နှင့် ဂျီဒီပီအချိုးသည် ရှစ်ရာခိုင်နှုန်း ရှိနေသည်။
လက်ရှိအစိုးရ၏ အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းကြီးများမှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံချိန်တွင် အခွန်နှုန်းထား လျော့ချရေးနှင့် ပတ်သက်၍ တင်ပြခဲ့ကြသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ ''စီးပွားရေးပညာရှင်ကြီးတချို့က အခွန်ကင်းလွတ်ပေးတာကို သိပ်သဘောမတူပါဘူး။ အခွန်ကင်းလွတ်ခွင့် သိပ်များများပေးတာဟာ နိုင်ငံစီးပွားရေးအတွက် အကျိုးမရှိဘူးလို့ အကြံပြုမှုရှိတယ်။ အစိုးရက အဘက်ဘက်နားထောင်ရတယ်၊ ချိန်ဆရတယ်။ အစိုးရအနေနဲ့ စီးပွားရေးတစ်ကွက်တည်းကိုပဲ ကြည့်လို့မရဘူး။ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်ကြည့်ရုံတင်မကဘဲ ကမ္ဘာ့ရေစီးကြောင်းကိုလည်း ကြည့်ရပါတယ်''ဟုသာ ပြန်လည်ဖြေဆိုခဲ့သည်။
မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်၏ Business Sentiment Survey (2018) တွင် နိုင်ငံ၏ စီးပွားရေးမကောင်းရခြင်း အကြောင်းရင်းသုံးခုအနက်တွင် အခွန်အကောက်နှုန်းထား သတ်မှတ်ချက်ကြောင့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေသည်ဆိုသော အချက်မှာ တစ်ချက်အပါအဝင် ဖြစ်သည်။
''အစိုးရက အခွန်စုဆောင်းမှု များများရဖို့ အာရုံစိုက်နေတယ်။ ဒါက စီးပွားရေးဖွံ့ဖြိုးရေးကို ပံ့ပိုးပေးရာမရောက်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေပါတယ်''ဟု Myanmar Marketing Research & Development Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးကျော်က ပြောသည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် မျှတ၍ ပွင့်လင်းမြင်သာပြီး စွမ်းရည်ပြည့်ဝသည့် အခွန်စနစ်ဖြင့် ပြည်တွင်းအခွန်ရရှိမှု တိုးမြှင့်ခြင်းဟူ၍ မဟာဗျူဟာတစ်ရပ်အဖြစ် ထည့်သွင်းထားသည်။ နိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုနှင့် ဆင်းရဲမှု ပပျောက်ရေးအတွက် အသုံးပြုနိုင်ရန် အခွန်ရရှိမှုကို သိသိသာသာ တိုးမြှင့်ရမည်ဖြစ်ပြီး MSPD သည် အခွန်စနစ်ကို ပိုမိုပွင့်လင်းမြင်သာစေခြင်း၊ အဂတိလိုက်စားမှုကို လျှော့ချခြင်း၊ အခွန်ဥပဒေများ ပိုမိုခေတ်မီလာစေခြင်းတို့ဖြင့် နိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်များအတွက် တိုးတက်မှုရှိရေးကို ဦးစားပေးသည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အခွန်အကောက်ရရှိမှု ပမာဏသည် ဂျီဒီပီ၏ ရှစ်ရာခိုင်နှုန်းခန့်သာရှိရာ အာဆီယံဒေသတွင်း အနိမ့်ဆုံးဖြစ်နေဆဲဖြစ်သည်။ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအရ ဆက်လက်၍ အခွန်နှင့် ဂျီဒီပီအချိုးအား ၁၅ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိနိုင်ရန် ရည်မှန်းထားသည်။