ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိ ဒေသခံ တိုင်းရင်းသားများ အနေဖြင့် ယခုနှစ် လက်ဖက်ညွန့် ထွက်ချိန်တွင် သဘာဝဘေးဒဏ်ကြောင့် လက်ဖက်ရရှိမှု နည်းသော်လည်း ပြန်လည်ရောင်းချရာ၌ ဈေးကောင်းရရှိကြသဖြင့် လက်ဖက်စိုက် တောင်သူများ အဆင်ပြေကြောင်း သိရပါတယ်။
လွန်ခဲ့သည့်နှစ်များက အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လက်ဖက်ညွန့်များ အရင့်မြန်ခြင်း၊ လက်ဖက်ခူးချိန်တွင် လုပ်သားရှားပါးခြင်း အတွက် အချိန်မီမခူးဆွတ်နိုင်ခြင်းတို့ကြောင့် လက်ဖက်ရရှိမှု နည်းပါးသွားသဖြင့် လက်ဖက်စိုက် တောင်သူများ အနေဖြင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊တန့်ယန်း၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲနှင့် လောက်ကိုင်မြို့နယ်တို့၌ လက်ဖက်စိုက်ပျိုးမှု များပြားပြီး ကျောက်မဲ၊နမ့်ဆန်နှင့် တန့်ယန်းမြို့နယ်တို့တွင် နှစ်စဉ်လက်ဖက်ထွက်ရှိမှု များပြားကာ ဈေးနှုန်းမြင့်တက်မှုမရှိဘဲ လက်ဖက်ခြောက်တစ်ပိဿာ ငွေကျပ် ၂ဝဝဝ မှအမြင့်ဆုံး ၁၈ဝဝဝ အထိ ရောင်းချရပါတယ်။
''ဒီနှစ်တော့ လက်ဖက်ဈေးက အရင်နှစ်က ငွေကျပ် ၄၅ဝဝ၊ ၅ဝဝဝ ရောင်းတဲ့ လက်ဖက်ခြောက်ကိုငွေကျပ် ၆ဝဝဝ၊ ၇ဝဝဝ ရောင်းရတယ်''ဟု လက်ဖက်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။