ကျွန်းသစ် တန်ချိန် တစ်သောင်းကျော် ထုတ်လုပ်နိုင်ရန် လျာထား


14 August, 2018

သစ်လုံးများ တရားဝင် ပြည်ပတင်ပို့မှု ပိတ်ပင်တားမြစ်ထားတဲ့အတွက် သစ်စက်တွေ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာလုပ်ငန်းရပ်ဆိုင်းထားရတယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိုးဝင်းက ပြောကြားခဲ့ပါတယ်။

မီးသွေးအတွက် ကုန်ကြမ်း

ပြည်ပတင်ပို့ရန် သစ်ခုတ်လှဲခြင်းကို တစ်နှစ် ပိတ်ပင်တားမြစ်ခဲ့တာရဲ့ ရလဒ်အဖြစ် ယခုလို သစ်ခွဲစက်တွေ အလုပ်မရှိတော့လု့ိ လုပ်ငန်းရပ်ဆိုင်းထားကြရတာ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ် တစ်နှစ်တာအတွင်း အဖိုးတန်ကျွန်းသစ်နဲ့ ကျွန်းသစ် မဟုတ်သော သစ်များ ခုတ်လှဲ ထုတ်လုပ်ခြင်း ပိတ်ပင်ထားတာကြောင့် တရားမဝင် သစ်ပင် ခုတ်လှဲခြင်းတွေ သိသိသာသာ လျော့ကျသွားတယ်လို့ သက်ဆိုင်ရာ အစိုးရဌာနက ဆိုပေမဲ့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ Mongabay ရဲ့ လေ့လာစုံစမ်းမှုများကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တာမှာတော့ မြန်မာနိုင်ငံမှာ သစ်ပင်ခုတ်လှဲမှုတွေ ရှိနေဆဲဖြစ်ပြီး အခုလို တရားမဝင် ခုတ်လှဲထုတ်လုပ်တဲ့ သစ်တွေကို နယ်မြေအေးချမ်းမှု မရရှိသေးတဲ့ တရုတ်နိုင်ငံနယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေတယ်။ အဲဒီ သစ်တွေ တရုတ်နိုင်ငံ ရောက်ရှိပြီးတဲ့အခါ မီးသွေးဖုတ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သစ်လုံး အရှည်ဖြစ်ဖို့ မလိုတဲ့အတွက် သစ်လုံးအတို ဗုံတိုတွေကိုလည်း မော်တော်ဆိုင်ကယ်တွေနဲ့ သယ်ပို့ပြီး ရောင်းချလို့ ရနေတယ်လို့ သိရပါတယ်။

ဟက်တာ ရှစ်သောင်း

အီးယူသို့ သစ်တင်ပို့မှုပမာဏကတော့ ထိုးကျခဲ့ပါတယ်။ ယခုအခါ ပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်းများမှာ စိုက်ပျိုးထုတ်လုပ်ပြီး အီးယူသို့ တင်ပို့နိုင်ရန် နည်းလမ်းများ ရှာဖွေနေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက သစ်တောစိုက်ခင်းတွေမှာ ကျွန်းကို အားလုံးနီးပါး စိုက်ပျိုးကြပြီး ကျန်တာတွေကတော့ သစ်မာအမျိုးမျိုး ဖြစ်ပါတယ်။ စိုက်ဧရိယာက ယခုအခါ ဟက်တာ ရှစ်သောင်း ရှိပြီလို့ ဆိုပါတယ်။

မြန်မာ့ ကျွန်းသစ်များ ဥရောပ ဈေးကွက်အတွင်းသို့ တိုက်ရိုက် တင်ပို့နိုင်ရန် အတွက် အာဆီယံ လမ်းညွှန်ချက်များ အတိုင်း ဥရောပနိုင်ငံ အချို့နှင့် အလွတ်သဘောဖြင့် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ ဆိုပါတယ်။

လက်ရှိ အချိန်မှာ ကျွန်းသစ်များကို အလုံးလိုက် အကြမ်းထည် ပုံစံမျိုးဖြင့်သာ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ အဓိက တင်ပို့နေရကြောင်း၊ ထိုနိုင်ငံများ အတွင်းရှိ လုပ်ငန်းရှင်ကြီးများမှ အချောထည် ပြုလုပ်ပြီးသော် လည်းကောင်း၊ အကြမ်းထည်အတိုင်းသော် လည်းကောင်း ဥရောပ ဈေးကွက် အပါအဝင် နိုင်ငံတကာ ဈေးကွက်သို့ တစ်ဆင့် တင်ပို့ ရောင်းချလျက် ရှိကြောင်း ၎င်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

“သစ်တော ထောက်ခံချက် ပေးနိုင်တဲ့ ပြည်ပ အဖွဲ့အစည်း၊ ကုမ္ပဏီတွေနဲ့ အာဆီယံ လမ်းညွှန်ချက်များ အတိုင်း ဆွေးနွေး ဆောင်ရွက်မှုတွေ ရှိနေပါပြီ။ ဥရောပဈေးကွက် အတွင်းကို တိုက်ရိုက် တင်ပို့သွားနိုင်ဖို့ အတွက် ဒီလို အဖွဲ့အစည်းတွေက စံချိန် စံညွှန်းအတိုင်း ထောက်ခံချက်ပေးမှ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ မနှစ်တုန်းကနဲ့ ယှဉ်ရင် ၂၀၁၁ ခုနှစ် အနေနဲ့ ပြည်ပမှာယူမှု ရာခိုင်နှုန်း ပိုပြီးတက်လာတယ်။ ရာခိုင်နှုန်း အတိအကျတော့ ပြောလို့ မရပါဘူး။ အိန္ဒိယနိုင်ငံ ဈေးကွက်က ပိုပြီးတော့ မှာလာတယ်။ ဘာကြောင့်လဲ ဆိုတော့ အိန္ဒိယ ဈေးကွက်ကနေ တစ်ဆင့် ဥရောပ လုပ်ငန်းရှင်တွေ ဝယ်ယူတာတွေ ပိုများလို့ပါ။ ကျွန်းသစ်အပြင် သစ်တောထွက် ကုန်ပစ္စည်းတွေ၊ သစ်မာ အမျိုးအစားတွေလည်း ပြည်ပကို တင်ပို့နေသလို ပြည်တွင်းမှာလည်း ဖြန့်ဝေပေးနေမှုတွေကို သက်ဆိုင်ရာနဲ့ လုပ်ငန်းရှင်ကြီးတွေက လုပ်ကိုင် ဆောင်ရွက်နေပါတယ်”

လို့ ပြောပါတယ်။

ပြည်ပသို့ ကျွန်းသစ် အချောထည် ပြုလုပ်ပြီး တင်ပို့နိုင်ရန် ငွေကြေးနှင့် နည်းပညာ အခက်အခဲများ ရှိကြောင်း၊ ဈေးပိုမို ရရှိမည် မှန်သော်လည်း ကုန်ကျစရိတ်များ ရေရှည် ရင်းနှီး မြှုပ်နှံရမည် ဖြစ်တဲ့အပြင် ဈေးကွက် အမျိုးအစားများ အလိုက် ကြိုက်နှစ်သက်မှု စံနှုန်း ပုံစံများလည်း အမြဲ ပြောင်းလဲလေ့ရှိကြောင်း သိရပါတယ်။

သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း၍ ၂၀၀၅-၂၀၀၆ ခုနှစ်မှ စတင် ဆောင်ရွက်နေသည့် သစ်တောထွက်ပစ္စည်း ဖက်စပ် ကော်ပိုရေးရှင်း လီမိတက် အနေဖြင့်လည်း မြန်မာ့ သစ်လုပ်ငန်း၏ မူဝါဒ၊ စည်းမျဉ်းများနှင့်အညီ ၂၀၁၀-၂၀၁၁ ခုနှစ် အတွင်း၌ ကျွန်းသစ် တန်ချိန် တစ်သောင်းကျော် ထုတ်လုပ်နိုင်ရန် လျာထားကြောင်း သိရပါတယ်။

ပြည်တွင်းမှာ ကျွန်းသစ် မပြုန်းတီးနိုင်စေရန် အတွက် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်တံခါး မြို့နယ်၊ အိုင်ဒိုကျွန်း ကြိုးဝိုင်းနှင့် ရဲနွယ်ကျွန်းကြိုးဝိုင်း၊ ပြည်မြို့အတွင်း ဖန်ခါးပင်ကျွန်းကြိုးဝိုင်း၊ ရေတာရှည် မြို့နယ် အတွင်း ရိုးမကြိုးဝိုင်းများ အပြင် ပုဂ္ဂလိက သစ်တော ကြိုးဝိုင်းများ တည်ထောင် စိုက်ပျိုးခြင်း လုပ်ငန်းများအား နှစ်ရှည် စီမံချက် ချမှတ်၍ အစိုးရနှင့် ပုဂ္ဂလိကတို့မှ ဆောင်ရွက်လျက် ရှိကြပါတယ်။

Third Party

၂၀၁၃ ခုနှစ်မှစတင်၍ သစ်တောပြုန်းတီးမှု မရှိအောင် စီမံအုပ်ချုပ်သောနိုင်ငံများမှ သစ်တောထွက် ပစ္စည်းများကိုသာ အာဆီယံအပါအဝင် ဥရောပနှင့် အမေရိကနိုင်ငံများမှ ဝယ်ယူကြတာကြောင့် ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ လိုအပ်သည့်ပြင်ဆင်မှုများ စတင်ဆောင်ရွက်ခဲ့တယ်။

“အာဆီယံအပါအဝင် ပြည်ပနိုင်ငံတွေက သစ်တောထွက်ပစ္စည်းတွေကို ဝယ်ယူရာမှာ သစ်တောတွေကို ထာဝရခိုင်မာနေအောင်၊ မပျက်စီးအောင် စီမံအုပ်ချုပ်တဲ့စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံက သစ်တွေကိုပဲ ဝယ်ယူတော့မယ်လို့ နိုင်ငံအားလုံးက ဆုံးဖြတ်ထားပါတယ်။ EU တို့ US တို့ဆို လုံး၀၀ယ်တော့မှာ မဟုတ်ပါဘူး။ အဲဒီအဆင့်အထိမရောက်ခင် စပ်ကြားမှာပထမအဆင့်နေနဲ့ တရားဝင်သစ် (Legal Timber) ဖြစ်ရပါ မယ်။ Legal Timber ဖြစ်ကြောင်း ထောက်ခံချက်ပါရှိရမယ်။ ထောက်ခံချက်က ကိုယ့်ဘာသာပေးလို့ မရဘူး။ ပြည်ပကလာတဲ့ တတိယအဖွဲ့ (Third Party) ရှိရမယ်။ သူတို့နိုင်ငံကလာပြီး မြန်မာပြည်က တကယ်လုပ်နေလား။ ဒီသစ်တွေက တရားဝင်ထုတ်တာလား။ ဒီကိုရောက်လာတဲ့သစ်တွေက ဘယ်နေရာတွေက လာလဲဆိုတာစိစစ်ပြီးမှ ထုတ်လို့ရမှာ ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ အာဆီယံနိုင်ငံများဟာ သစ်ထောက်ခံချက် (Timber Certification) ပါရှိသော သစ်တောထွက်ပစ္စည်းများကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြုသည့်စနစ်ကို ကျင့်သုံးတာမို့ အာဆီယံ အဖွဲ့ဝင်တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှလည်း အခြားနိုင်ငံများနည်းတူ အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတကာဈေးကွက်မှာ သစ်ထောက်ခံချက်ပေးရေးဟာ ပြည်ပကို သစ်တောထွက်ပစ္စည်း တင်ပို့ရာမှာ မရှိမဖြစ် လိုအပ်လာမယ့် ကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။ သစ်တောများ ထာဝစဉ်တည်တံ့ နေစေရေးအတွက် သစ်ထောက်ခံချက် ပါရှိမှသာ ရောင်းဝယ်ဖောက်ကားခြင်းပြုလုပ်ဖို့ ကန့်သတ်ဆောင်ရွက်လာတာကို တွေ့ရှိလာရပါတယ်” လို့ု သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Timber Certification

သစ်တော ထောက်ခံချက် (Timber Certification) ပေးခြင်းဆိုသည်မှာ သတ်မှတ်ထားသော သစ်တောများမှ သတ်မှတ်ထားသော ပမာဏကိုသာ တရားဝင်ခွင့်ပြုထားသောအဖွဲ့မှ ထုတ်ယူရမှာ ဖြစ်ပြီး ထုတ်ယူထားသော သစ်နှင့်သစ်တောထွက် ပစ္စည်းများဟာ ထာဝစဉ်တည်တံ့နိုင်သော သစ်တောများမှ ရရှိလာသည့်သစ်များဖြစ်ကြောင်း သုံးစွဲသူများထံ အာမခံချက်ပေးခြင်းဖြစ်ပါတယ်။

Timber Certification ပေးဖို့အတွက် Third Party လို့ ခေါ်တဲ့ အပြင်က လာတဲ့အဖွဲ့အစည်းက စစ်ဆေးအကဲဖြတ်ပြီး လုပ်ပေးရမယ့် သဘောရှိပါတယ်။ Third Party ဖွဲ့စည်းနိုင်အောင်လည်း ကြိုးစားနေကြပါတယ်။ အခုဆိုရင် ကမ္ဘာ့သစ်တောတွေရဲ့ ၈ ရာခိုင်နှုန်း(ဟက်တာ သန်းပေါင်း ၃၁၀) ဟာ Certification Forest လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

Certification Forest

ကမ္ဘာ့ Certification Forest ၏ ၅၄ ရာခိုင်နှုန်းမှာ တောင်အမေရိကမှဖြစ်ပြီး ၃၂ ရာခိုင်နှုန်းမှာ ဥရောပမှဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသတွင် ၅ ရာခိုင်နှုန်းနှင့် အာဖရိကတိုက်တွင် ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ

၁၉၇၅ခုနှစ်တွင် နိုင်ငံဧရိယာရဲ့ ၆၀ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာရဲ့ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ကျန်ရှိတဲ့အထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

Mongabay Voice daily Popular

Local News Read 760 times