ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု လိုက်စင်ရရှိထားသည့် ကုမ္ပဏီများစုပေါင်း၍ အသင်းအဖွဲ့တစ်ခုတည်ထောင်ရန် လိုင်စင်ရကုမ္ပဏီများစုဝေးကာ ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့၌ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ အဖွဲ့သည် တယ်လီကွန်းနယ်ပယ်၌ တရားဝင်ပထမဆုံး ပေါ်ထွက်လာမည့် အဖွဲ့အစည်းဖြစ်သည်။
ပုံမှန်အားဖြင့် Wireless ကုမ္ပဏီများ စုစည်းထားသည့်အဖွဲ့၊ Ggteway ကုမ္ပဏီများစုစည်းထားသည့် အဖွဲ့ဟူ၍ အဖွဲ့ငယ်များရှိသော်လည်း ယခုအခါ ဆက်သွယ်ရေး ကွန်ရက်အထောက်အကူပြု လိုင်စင်ရရှိထားသည့် ကုမ္ပဏီများ စုပေါင်း၍တရားဝင်အဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်ခြင်းဖြစ်သည်။
ဆက်သွယ်ရေးကွန်ရက်အထောက်အကူပြု လိုင်စင်ရရှိထားသည့် ကုမ္ပဏီများ စုပေါင်း၍ အသင်းအဖွဲ့ ဖွဲ့စည်းမည်ကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက သဘောတူထောက်ခံခဲ့သည်။ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အသင်းအဖွဲ့ ဖွဲ့စည်းရန် အကျိုးဆောင် ၁၅ ဦးကို ကာယကံရှင်ဆန္ဒအရ ရွေးချယ်ခဲ့သည်။
ဆက်သွယ်ရေးကွန်ရက်အထောက်အကူပြုလိုင်စင်ရ ကုမ္ပဏီများသည် တစ်ဦးတစ်ယောက်တည်းအနေဖြင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့လည်းကောင်း၊ တိုင်းအစိုးရသို့လည်းကောင်း၊ ဒေသတွင်းရှိ ဌာနဆိုင်ရာများသို့လည်းကောင်း ဆက်သွယ်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေသဖြင့် ကိုယ်စားပြုအသင်းအဖွဲ့ အမြန်လိုအပ်ကြောင်း တက်ရောက်ဆွေးနွေးသည့် လုပ်ငန်းရှင်များက တင်ပြသည်။
ဆက်သွယ်ရေးကွန်ရက်အထောက်အကူပြုလိုင်စင်ရ ကုမ္ပ ဏီများစုပေါင်း၍ အသင်းအဖွဲ့ တည်ထောင်ရာတွင် ဆက်သွယ်ရေး အော်ပရေတာများကို ပါဝင်ခွင့်ပြု၊ မပြုထည့်သွင်းစဉ်းစားသင့်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောသည်။
ဖွဲ့စည်းမည့် အသင်းအဖွဲ့ကို ပိုမိုခိုင်မာစေလိုပါက ကွန်ပျူတာ အသင်းများကဲ့သို့ ဥပဒေနှင့်အတူ ဖွဲ့စည်းသင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန လက်အောက်တွင် ဖွဲ့စည်း မည်ဆိုပါက ဦးစွာအသင်းအဖွဲ့ စည်းမျဉ်းများ၊ ရည်ရွယ်ချက်များ နှင့် သက်ဆိုင်ရာထောက်ခံချက်များကို လိုအပ်ချက်အရ ပြင်ဆင်ရမည်ဖြစ်ကြောင်း Myanmar Telecommunication Network Public ကုမ္ပဏီလီမိတက် စီအီးအို ဦးတင်ဝင်းအောင်က ပြောသည်။
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ ဆက်သွယ်ရေး ကွန်ရက်အထောက်အကူပြုလိုင်စင် (အထူး) ရရှိထားသည့် ကုမ္ပဏီ ၅၇ ခုရှိပြီး ဆက်သွယ်ရေးကွန်ရက် အ ထောက်အကူပြု လိုင်စင် (သာမန်) ရရှိထားသည့် ကုမ္ပဏီ ၄၅ခု ရှိသည်။
7 Day Daily