Telenor ၏  Wave Money ရှယ်ယာ ၅၁% ရောင်းချခြင်း ပြီးပြတ်လုနီးပြီ


03 January, 2022

Telenor ၏  Wave Money ရှယ်ယာ ၅၁% ရောင်းချခြင်း ပြီးပြတ်လုနီးပြီ
 
Telenor က Wave Money တွင် ပိုင်ဆိုင်သော အစုရှယ်ယာ ၅၁% ကို အမေရိကန်ဒေါ်လာ ၁၀၄ သန်းဖြင့် စင်ကာပူ စတော့အိပ်ချိန်း စာရင်းဝင် Yoma Strategic Holdings ထံ ရောင်းချဖို့ သဘောတူညီခဲ့ပြီး လာမည့် ရက်ပိုင်းအတွင်း အရောင်းအဝယ် ပြီးပြတ်မည်ဟု Nikkei သတင်းတွင် ဖော်ပြထားသည်။
မြန်မာတိုင်ကွန်း Mr Serge Pun (ခ) ဦးသိမ်းဝေ ဦးဆောင်သည့် Yoma Group သည် အရောင်းအဝယ် ပြီးမြောက်သည့်အခါ Wave Money တွင် အစုရှယ်ယာ ၇၅% ပိုင်ဆိုင်မည် ဖြစ်သည်။ လက်ရှိတွင် ၄၉ % ပိုင်ဆိုင်ထားရာ၌ Yoma Strategic Holdings က ၄၄% ၊ Yoma Bank က ၅% ပိုင်ဆိုင်ထားသည်။
ကျန်သည့် ၂၅% ကို တိုင်ဝမ်မှ ငွေကြေး လုပ်ငန်းစု တစ်ခုနှင့် လာမည့်လများအတွင်း ရှယ်ယာများ ထပ်မံ ဝယ်ယူဖို့ အစီအစဉ်ရှိသည့်  မြန်မာမှ အင်တာနက်ဝန်ဆောင်မှုပေးအပ်သူ အပါအဝင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတို့က ပိုင်ဆိုင်သည်။
Telenor ၏ ရှယ်ယာကို ဝယ်ယူဖို့ Yoma Strategic က ၂၀၂၀ နှစ်လယ်ပိုင်းကတည်းက သဘောတူခဲ့သည်။
Wave Money ကို ကန်ဒေါ်လာ ၁၀၄ သန်းဖြင့် တန်ဖိုးဖြတ်ခြင်းသည် ဈေးများသည်ဟု တယ်လီကွန်း အမှုဆောင်အရာရှိတို့က ပြောကြားသည်။ Telenor က အဓိကကျသည့် တယ်လီကွန်းလုပ်ငန်း Telenor Myanmar ကို ရောင်းချရာ၌ ကန်ဒေါ်လာ ၁၀၅ သန်း သာ ဈေးသတ်မှတ်ခဲ့သည်။ ထိုလုပ်ငန်းကို မိခင်ကုမ္ပဏီက ၂၀၂၁ မေလမှာ စာရင်းမှ ပယ်ဖျက်စဉ်က ကန်ဒေါ်လာ သန်း ၇၈၀ ဟု တန်ဖိုး သတ်မှတ်ခဲ့သည်။
Wave အရောင်းအဝယ်ကိစ္စနှင့် နီးစပ်သူ ရင်းနှီးမြှုပ်နှံသူတစ်ဦးက "Wave က အရမ်းကောင်းတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး Yoma က တယ်လီနောကနေ ဝယ်ဖို့ လိုအပ်တယ်။ ရှယ်ယာကို တခြားသူ‌တွ လက်ထဲကို ရောက်မသွား‌စေချင်ဘူးဆိုရင် သူတို့မှာ ရွေးချယ်စရာ သိပ်မရှိဘူး။ ဒါပေမဲ့လည်း ငွေကြေးစနစ်ရဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲမှု ကြီးထွားတာ၊ ရိုးမဘဏ်ရဲ့ လက်လီပလက်ဖောင်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ သူတို့ရဲ့ ကြိုးစားအားထုတ်‌ေနတာတွေနဲ့လည်း ကိုက်ညီပါတယ်” ဟု ပြောသည်။
Wave Money သည် Wave Pay မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှု ပေးခဲ့ရာ လစဉ် ငွေလွှဲကြိမ်ရေ ၁ မှ ၁.၂ သန်းအထိ ရှိခဲ့သည်။ ခန့်မှန်းခြေအားဖြင့် အက်ပ်သုံးစွဲသူ ၂ သန်းကျော် ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် သုံးစွဲသူဦးရေ လျော့ကျခဲ့ရာ မေလ ၃၁ ရက်တွင် အက်ပ်သုံးစွဲသူဦးရေ ထက်ဝက်ခန့် ဆုံးရှုံးထားသည်။ အင်တာနက် ကန့်သတ်မှုများ ဖြေလျော့ခဲ့ပြီး ဘဏ်စနစ် ပြန်အသက်ဝင်လာသည့်အခါ နိုဝင်ဘာလတွင် Wave ပုံမှန်သုံးစွဲသူ ဦးရေ ၂ သန်းနီးပါး ပြန်ရှိလာခဲ့သည်။
နော်ဝေးအစိုးရမှ ၅၄% ပိုင်ဆိုင်သည့် Telenor အနေဖြင့် ယခုလို ရောင်းထုတ်နိုင်ခြင်းသည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းမှုများအတွက် အဓိကကျသည့် ခြေလှမ်းကို လှမ်းလိုက်ခြင်း မည်ပေသည်။
 

Source asia.nikkei.com

Investment/Divestment Read 607 times