တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေခန်းများမှာ အသုံးပြုမယ့် တိုင်ကပ်နာရီများ ဝယ်ယူဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ မတ်လ ၂၁ ရက်အထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူနေပါတယ်။
မတ်လ ၆ ရက်မှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲက စပြီး စာဖြေခန်းတိုင်းမှာ တိုင်ကပ်နာရီထားပေးဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စီစဉ်နေပြီး အခုတင်ဒါခေါ်ယူတဲ့ တိုင်ကပ်နာရီများကို ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲအတွက် အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ အဆိုပါဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောပါတယ်။
‘‘ကျောင်းတော်တော်များများကတော့ ရှိပြီးသား။ စာမေးပွဲချိန်မှာ ထုတ်မပေးလို့ အခုထုတ်ပေးခိုင်းထားတယ်။ ကျောင်းတိုင်းတော့ရှိချင်မှ ရှိမှာဆိုတော့ ဖြည့်ပေးဖို့ တင်ဒါထပ်ခေါ်ထားတာ။ စာစစ်ဦးစီးဌာနဘက်ဂျက်နဲ့ သက်သက်ဝယ်ဖြည့်မှာ’’ လို့ ဦးမျိုးညွန့် က ပြောပါတယ်။
အိတ်ဖွင့်တင်ဒါပုံစံနဲ့ စည်းကမ်းချက်တွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးအမှတ် (၅၂) နေပြည်တော်မှာ ဝယ်ယူပြီး ထိုရုံးမှာပဲ မတ်လ ၂၁ ရက်နောက်ဆုံး အိတ်ဖွင့်တင်ဒါတင်သွင်းရမှာဖြစ်ပါတယ်။
အချက်အလက်ထည့်သိမ်းနိုင်ပြီး အင်တာနက်ပါအသုံးပြုနိုင်တဲ့ နာရီမျိုးကို စာဖြေခန်းအတွင်း ယူလာကာ သိမ်းဆည်းထားတဲ့ အချက်အလက်များနဲ့ မသမာဖြေဆိုခြင်း၊ နာရီမှာပါတဲ့ ကင်မရာကနေတစ်ဆင့် စာမေးပွဲမေးခွန်းကို ဓာတ်ပုံရိုက်ယူကာ စာမေးပွဲမပြီးမီ ပြင်ပကို အင်တာနက်နဲ့ ချိတ်ဆက်ပေးပို့ခြင်းတွေ မရှိအောင် နာရီယူဆောင်ခွင့် ကန့်သတ်ဖို့ မြန်မာနိုင်ငံစာစစ်ဦစီးဌာနက စီစဉ်နေတာဖြစ်ပါတယ်။
စမတ်နာရီများ ယူဆောင်လာပါက နှစ်အကန့်အသတ်မရှိ ဖြေဆိုခွင့်ပိတ်သိမ်းမယ့် ပြစ်ဒဏ်သစ်ကို ယခုနှစ်စာမေးပွဲ စည်းကမ်းချက်မှာ ထည့်သွင်းထားတဲ့အပြင် စာဖြေနေတဲ့အခါ ဘယ်လက်ပတ်နာရီကိုမှ စာဖြေသူများကို ဝတ်ဆင်ထားခွင့်မပြုဖို့ပါ စာမေးပွဲခန်းစောင့်ဆရာ၊ ဆရာမတွေကို ညွှန်ကြားထားပါတယ်။
ဒီလိုကန့်သတ်မှုတွေကြောင့် စာဖြေသူများ အချိန်သိရှိနိုင်စေဖို့ စာဖြေခန်းတိုင်းမှာ တိုင်ကပ်နာရီစီစဉ်ထားပေးဖို့နဲ့ တိုင်ကပ်နာရီကို စာဖြေချိန်အတွင်း အချိန်မှန်စေရေး မြန်မာစံတော်ချိန်နဲ့ တိုက်ထားပေးဖို့ကိုပါ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စာစစ်ဌာန ကြီးကြပ်ရေးမှူးများကိုညွှန်ကြားထားပါတယ်။
7day daily
Myanmar Industry Directory