တရုတ်−မြန်မာ နှစ်နိုင်ငံကြား အဓိကကုန်စည်ဖလှယ်ရာမြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လေဆိပ်သစ်တစ်ခုဆောက်လုပ်ရန် လျာထားတဲ့စီမံကိန်းအတွက် ယခုနှစ်အတွင်း တင်ဒါစတင်ခေါ်ယူတော့မှာဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်။
မူဆယ်လေဆိပ်သစ် စီမံကိန်းကို ပုဂ္ဂလိကနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ အများပိုင်စနစ် (PPP) နဲ့ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ မူဆယ်လေဆိပ်သစ် ဆောက်လုပ်မယ့် အရွယ်အစားနဲ့ ဝန်ဆောင်မှုပေးနိုင်မယ့် ခရီးသည်အရေအတွက်ကို သတ်မှတ်ထားခြင်းမရှိသေးဘဲ ပြည်တွင်းလေယာဉ်ကွင်းအနေဖြင့်သာ စတင်ဖောက်လုပ်ဖို့ စီစဉ်ထားတယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
''လက်ရှိမှာ ဝန်ကြီးရုံးကို တင်ပြထားတယ်။ ခွင့်ပြုချက်ရတာနဲ့ တင်ဒါကြေညာမယ်။ ဒီနှစ်ထဲတော့ဖြစ်မယ်။ ကနဦးအနေနဲ့ ဒေသတွင်း လေယာဉ်ကွင်းအနေနဲ့ပဲ ဆောက်လုပ်ဖို့ စီစဉ်ထားတယ်။ မြေနေရာရရှိမှုပေါ်မှာ မူတည်ပါတယ်'' လို့ ဦးရဲထွဋ်အောင်က ပြောပါတယ်။
မူဆယ်လေယာဉ်ကွင်းအသစ် စီမံကိန်းအတွက် လုပ်ငန်းစိတ်ဝင်စားကြောင်း အဆိုပြုလျှောက်လွှာကို ၂ဝ၁၇ ခုနှစ်မှာ စတင်ခေါ်ယူခဲ့ပြီး လက်ရှိတွင် အရွေးခံထားရတဲ့ ပုဂ္ဂလိကကုမ္ပဏီ ခြောက်ခုရှိထားပါတယ်။
''မူဆယ်နဲ့ ရန်ကုန်က အသွားအပြန် အမြဲလိုလိုရှိတယ်။ တကယ်လို့ လေဆိပ်ရှိလာရင် သွားလာလွယ်ကူမှုပိုကောင်းလာမယ်။ တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ သူတွေအတွက် ပိုပြီးအဆင်ပြေသွားမယ်။ ခရီးသွားလုပ်ငန်းအတွက်လည်း ပိုကောင်းမယ်'' လို့ မူဆယ်မြို့ အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချမ်းသာဦးက ပြောပါတယ်။
မူဆယ်မြိုကို သွားဖို့ လားရှိုးမြို့မှ ငါးနာရီခန့် ထပ်မံသွားရတဲ့အတွက် ရန်ကုန်မြို့နဲ့ မူဆယ်မြို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲပါက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပိုမိုအထောက်အကူဖြစ်နိုင်မယ်လို့ မူဆယ်မြို့ရှိ ကုန်သည်များက ပြောပါတယ်။
မူဆယ်မြို့ဟာ တရုတ်−မြန်မာ နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်မှုပြုလုပ်တဲ့ နေရာဖြစ်ပြီး တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနဲ့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ခရီးသွားဧည့်သည်များကို ဝင်ရောက်ခွင့်ပြုရန် ညှိနှိုင်းမှုများလည်း ရှိထားပါတယ်။
''လက်ရှိမှာ တရုတ်တွေက နယ်စပ်ဖြတ်ကျော်ခရီးစဉ်တွေ စိတ်ဝင်စားနေတာ။ မူဆယ်လေဆိပ်ဖြစ်လာခဲ့ရင် အဲဒီကနေ မန္တလေးဘက်ကို ခရီးစဉ်တွေ ဆွဲလို့ရမယ်။ လေဆိပ်ဖြစ်လာရင်တော့ ခရီးသွားလုပ်ငန်းအတွက်ပိုအဆင်ပြေတယ်'' လို့ ခရီးသွားလုပ်ငန်းရှင် ဦးတိုးအောင်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းလေဆိပ် ၃၁ ခုနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုရှိပြီး ပျံသန်းပြေးဆွဲလေယာဉ်များ ဆင်းသက်တဲ့ လေဆိပ် ၂၄ ခုသာ ရှိသေးကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
အစိုးရသစ်ရဲ့ တတိယ တစ်နှစ်တာအတွင်း ခရီးသည် ဝင်ထွက်မှုများပြားတဲ့ ပြည်တွင်းလေဆိပ်တွေဖြစ်တဲ့ မြစ်ကြီးနား၊ ဟဲဟိုး၊ သံတွဲ၊ လွိုင်ကော်နဲ့ ညောင်ဦးလေဆိပ်များအပါအဝင် လေဆိပ် ၁ဝ ခုရဲ့ လေဆိပ်အဆောက်အအုံနဲ့ ပြေးလမ်းတိုးချဲ့ခြင်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ယခုနှစ်အတွင်း မြောက်ဦးလေဆိပ်အသစ် ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူဖို့ စီစဉ်ထားပေမယ့်လည်း မြောက်ဦးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လက်ရှိမှာ ဖော်ဆောင်ရန် မဖြစ်နိုင်သေးဘူးလို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
Myanmar Times