ရွှေအလေးချိန် ချိန်တွယ်ရာ၌ တိုင်းနှင့်ပြည်နယ်လေးခု၌ သတ်မှတ်မှုမတူညီသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တူညီရန်အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာရွှေတစ်ကျပ်သားလျှင် ၁၂၈ ရွေးဖြင့် သတ်မှတ်ရောင်းဝယ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောဆိုသည်။
ပမာဏတူညီမှု
*****
ရွှေအလေးချိန်သတ်မှတ်မှု တူညီနိုင်ရေးအတွက် မန္တလေးမြို့ Wilson Hotel တွင် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက မန္တလေး တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ပြုလုပ်သည့် မြန်မာတစ်နိုင်ငံလုံး ရွှေအလေးချိန်ပမာဏတူညီမှုရှိစေရန် ညှိနှိုင်းမှုဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကွာဟနေ
*****
"ရွှေတစ်ပိဿာသတ်မှတ်တဲ့အလေးချိန်မှာ ရွေးနဲ့တွက်ရာမှာ တိုင်းနဲ့ပြည်နယ်လေးခုနဲ့ အခြားပြည်နယ်တွေမှာ ကွာဟနေပါတယ်။ ရန်ကုန်နဲ့ မန္တလေးဆိုရင် ငါးရွေးလောက်ကွာ နေတယ်။ အချိန်အတွယ်က တစ်နိုင်ငံလုံးတူနေဖို့လိုပြီး Export / Inportတွေမှာ အဆင်ပြေမယ်"ဟု ၎င်းကပြောဆိုသည်။
ပြင်ဆင်သင့်
*****
မြန်မာ့နည်းအရ ရွှေအလေးချိန်တွက်ချက်ရာ၌ ရွှေတစ်ကျပ်သားလျှင် မန္တလေး၊ စစ်ကိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွေး ၁၂၀ ဖြစ်၍ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ၁၂၈ ရွေး ဖြစ်နေကြောင်း၊ ယင်းကွာဟမှုကြောင့် တစ်ကျပ်သားလျှင် ငွေကျပ် ၄၀ဝဝဝ ခန့်နစ်နာမှုရှိနေသဖြင့် တစ်နိုင်ငံလုံးတန်းတူအဖြစ် ၁၂၈ ရွေး သတ်မှတ်ရန်ပြင်ဆင်သင့်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က "ဆူးလေဘုရားမှာ ရွှေသွင်းတဲ့အခါ မန္တလေးကဝယ်တဲ့ ရွှေသည် ခုနစ်ရွေးခွဲနဲ့ဖြစ်ပါတယ်။ ရန်ကုန်ရှစ်ရွေးနဲ့တွက်ပြီး ကွာနေတယ်၊ ဂေါပကအဖွဲ့က လျော်ပါဆိုပြီး ပြောတာမျိုးတွေရှိပါတယ်။ ရွှေအလေးချိန်ကွာဟနေတာကြောင့် အခက်အခဲတွေရှိလာတယ်"ဟု ပြောဆိုသည်။
အရောင်းအဝယ်ပြုလုပ်
*****
ပြည်တွင်း၌ ရှေးယခင်က ရွေးကြီး၊ ရွေးလေးဟုသတ်မှတ်ခဲ့ပြီး ထိုစဉ်အချိန်ကတည်းက အထက်မြန်မာပြည်တွင် တစ်ပဲကို ခုနစ်ရွေးခွဲသတ်မှတ်ခဲ့ရာ အခြားပြည်နယ်နှင့် တိုင်းများတွင် ရှစ်ရွေးနှင့် တွက်ချက်ရောင်းချခဲ့ကြောင်း၊ ရွှေချိန်တစ်ကျပ်သားလျှင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ၁၂၈ ရွေး ဖြင့်အရောင်းအဝယ်ပြုလုပ်သွားရန်ဖြစ်ကြောင်း သိရသည်။
မြန်မာရွှေရေတွက်ပုံ
*****
၁ရွေး၊ ၁ပဲ၊ ၁မူး၊ ၁မတ်၊ ၅မူး၊ ၁ကျပ် ဆိုပြီး ခွဲခြား ရေတွက်ပါသည်။
- ၈ ရွေး = ၁ပဲ
- ၂ပဲ = ၁မူး (မူးသေး)
- ၂မူး = ၁မတ်
- ၂မတ် = ၁ငါးမူး (မူးကြီး)
- ၂ငါးမူး = ၁ကျပ်
အလေးချိန်များကို ရွေးနှင့် အချိုးကျ ခွဲကြည့်မည်ဆိုလျှင် -
- ၁ကျပ်မှာ ရွေးပေါင်း ၁၂၈
- ၅မူးမှာ ရွေးပေါင်း ၆၄
- ၁မတ်မှာ ရွေးပေါင်း ၃၂
- ၁မူးမှာ ရွေးပေါင်း ၁၆
- ၁ပဲမှာ ရွေးပေါင်း ၈
ဖျက်သိမ်းလိုက်သော ရွှေရေတွက်ပုံတွင် ၇. ၅ ရွေး = ၁ပဲ ဟု သတ်မှတ်ထားသဖြင့်အလေးချိန်တွေကို ရွေးဖြင့် တွက်ကြည့်မည်ဆိုလျှင် -
- ၁ပဲမှာ ရွေးပေါင်း ၇.၅
- ၁မူးမှာ ရွေးပေါင်း ၁၅
- ၅မူးမှာ ရွေးပေါင်း ၆၀
- ၁မတ်မှာ ရွေးပေါင်း ၃၀
- ၁ကျပ်မှာ ရွေးပေါင်း ၁၂၀
Myanmar times