ထိုင်း၊ ကိုရီးယားကုမ္ပဏီများနှင့် တိုင်းဒေသကြီးအစိုးရ၏ စက်မှုဇုန်စီမံကိန်းများ


15 August, 2018

သြဂုတ်လဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ကိုရီးယားနှင့်ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူနှင့် စက်မှုနယ်မြေဖော်ဆောင်သူ ကုမ္ပဏီကြီးနှစ်ခုတို့ဖြင့် တွေ့ဆုံပြီးစက်မှုနယ်မြေအသစ်များဖော်ထုတ်ရန်အတွက် ကြိုးပမ်း အားထုတ်နေသည်ကို တွေ့ရသည်။

သြဂုတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ Myanmar Wooree ကုမ္ပဏီတို့အကြား စက်မှုဖွံ့ဖြိုးမှုနယ်မြေတည်ဆောက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့သည်။

အဆိုပါစီမံကိန်းသည် တိုင်းဒေသကြီးအစိုးရမှ နောက်ဆုံးဖော်ထုတ်လာသော စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သည့် စီမံကိန်းအသစ်တစ်ခုဖြစ်လာသည်။ ယခုစီမံကိန်းမတိုင်မီတွင် တိုင်းဒေသကြီးအစိုးရသည် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သည့် စီမံကိန်းများဖြစ်သော Smart & Eco City ဟူသည့် စက်မှုဇုန်မြို့တော်စီမံကိန်းနှင့် စည်ပင်သာယာနယ်နိမိတ်ပြင်ပ (၁၁) မြို့နယ်ရှိ စက်မှုဇုန် (၁၁) ဇုန် စီမံကိန်းတို့ကိုလည်း လွှတ်တော်သို့ အဆိုပြုထားသည်။

တိုင်းဒေသကြီးအစိုးရနှင့် ကိုးရီးယားနိုင်ငံမှ Myanmar Wooree ကုမ္ပဏီတို့ ဖော်ဆောင်ရန်ရည်ရွယ်သော စက်မှုဖွံ့ဖြိုးမှုနယ်မြေသည် ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင်တည်ရှိပြီး မြန်မာ-ကိုးရီးယား ချစ်ကြည်ရေးတံတားဖြစ်သော ဒလဘက်ခြမ်း တံတားအဆင်းဧရိယာတွင်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

'' MoU(နားလည်မှုစာချွန်လွာ) အဆင့်မှာတော့ Feasibility Study (စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း) သွားလုပ်ကြမယ်။ ဒီအဆင့်မှာ လုပ်နိုင်တဲ့ မြေဧရိယာတွေ ထွက်လာမယ်။ လေ့လာဆန်းစစ်မှုတွေပြီးရင် ရင်းနှီးမြှုပ်နှံမှုပုံစံတွေကို အစိုးရနဲ့ ညှိနှိုင်းတာတွေလုပ်မယ်''ဟု ဦးမြင့်သောင်းက ပြောသည်။

စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အကြိုလေ့လာခြင်း ဆောင်ရွက်ပြီးနောက်တွင် လုပ်ငန်းဖော်ဆောင်မည့် အစီအစဉ်များကို ညှိနှိုင်း၍ စီမံကိန်းဆိုင်ရာမူဘောင်သဘောတူညီချက်စာချုပ် (Framework Agreement) ချုပ်ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်း စသည့်အဆင့်များကို တစ်ဆင့်ချင်းဆောင်ရွက်မည်ဟု ဦးမြင့်သောင်းက ပြောသည်။

မြန်မာ-ကိုးရီးယား ချစ်ကြည်ရေးတံတားဖြစ်သော ဒလတံတားကို ၂ဝ၂ဝ-၂၁ ခုနှစ်တွင် စတင်သွားလာနိုင်ရန် ရည်ရွယ်ကာ ဆောင်ရွက်နေပြီဖြစ်ပြီး တံတားတည်ဆောက်လိုက်ပါက ယခုဆောင်ရွက်မည့် စက်မှုဇုန် ဧရိယာသည် အလွန်ကောင်းမွန်သော နေရာတစ်ခုဖြစ်လာမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

Wooree ကုမ္ပဏီသည် ကိုရီးယားနိုင်ငံမှ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် Myanmar Wooree အမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ထားသည်။

၎င်းကုမ္ပဏီသည် စက်မှုနယ်မြေတွင် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ အဓိကတင်ပို့မည်ဟု တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

''လောလောဆယ် MoU အဆင့်ပဲ ရှိသေးတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က ဘာမှပြောစရာ မရှိသေးဘူး။ လွှတ်တော်ကို တင်ပြလာတဲ့ အချိန်ကျရင်တော့ ဒါကိုစိစစ်မယ်၊ ဖြစ်သင့်၊ မဖြစ်သင့်ကို စဉ်းစားပြီးတော့ဆုံးဖြတ်ချက်ချကြမယ်''ဟု ဒလမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထွန်းရင်က ပြောသည်။

ထို့ပြင် သြဂုတ် ၇ ရက်တွင် တိုင်းဒေသကြီးအစိုးရသည် ထိုင်းနိုင်ငံအခြေစိုက် Amata Corporation PCL နှင့်တွေ့ဆုံခဲ့ပြီး Yangon Amata Smart and Eco City စက်မှုဇုန်မြို့တော်စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် Amata Corporation PCL မှ တာဝန်ရှိသူများသည် Yangon Amata Smart & Eco City နှင့်ပတ်သက်၍ စီမံကိန်းပထမအဆင့်အနေဖြင့် ဆောင်ရွက်ရန် လျာထားသည့် အစီအစဉ်များနှင့် စီမံကိန်းအတွင်း တည်ဆောက်မည့် မဂ္ဂါဝပ် ၁၅ဝ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အစီအစဉ်တို့အတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တင်ပြသော တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း ၂၃ ခုအနက် Smart & Eco City စီမံကိန်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။ စီမံကိန်းတည်နေရာသည် ဒဂုံမြို့သစ် (အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်) တွင်ဖြစ်ပြီး စီမံကိန်းဧရိယာသည် ၁၆,ဝဝဝ ဧက ရှိသည်။ စီမံကိန်းအမျိုးအစားသည် စက်မှုဇုန်မြို့တော်စီမံကိန်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရသည် စီမံကိန်းကို ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖော်ဆောင်ရန် ရည်မှန်းထားသည်။ စီမံကိန်းကာလသည် ၂ဝ၁၈-၂ဝ၂၆ ဟု ဖော်ပြထားပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍မူ လေ့လာတွက်ချက်ဆဲဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရကမူ ၎င်း၏ Smart & Eco City စီမံကိန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင် စက်မှုဇုန်၂၉ ဇုန်ရှိသော်လည်း မြေဈေးကြီးမြင့်မှု၊ အခြေခံအဆောက်အအုံ မလုံလောက်မှုတို့ကြောင့် နိုင်ငံတကာအဆင့်ရှိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု နည်းပါးနေရာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ဖော်ဆောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် မျှော်လင့်ပြီး Smart & Eco City စီမံကိန်းကို ဖော်ဆောင်ရန် အဆိုပြုခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီးလွှတ်တော်သည် အစိုးရက တင်ပြသော Smart & Eco City အပါအဝင် စီမံကိန်း ၂၃ ခု ကိုစီမံကိန်းတစ်ခုချင်းစီအလိုက် အသေးစိတ်ပြန်လည်တင်ပြရန် ဆုံးဖြတ်ထားပြီး လက်ရှိတွင် လွှတ်တော်က အဆိုပါစီမံကိန်း ၂၃ ခုကို သဘောတူထားခြင်းမရှိသေးဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေဘုန်းလတ်က ပြောသည်။

စီမံကိန်းဖြစ်တန်စွမ်း အကြိုလေ့လာခြင်းအတွက် နားလည်မှုစာချွန်လွှာကို ၂ဝ၁၇ ခုနှစ်၊ မေလတွင် ချုပ်ဆိုထားပြီး စီမံကိန်းဆိုင်ရာ မူဘောင်သဘောတူညီချက်စာချုပ် (Framework Agreement) ကို ချုပ်ဆိုရန်ဆွေးနွေးထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ သိရသည်။

ရန်ကုန်တိုင်းအစိုးရသည် မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် ၁၁ ခုဖော်ဆောင်မည့် စီမံကိန်းကို ပြီးခဲ့သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် အဆိုပြုတင်ပြထားသည်။

တိုင်းဒေသကြီးအစိုးရ၏ စက်မှုဇုန်အသစ် စီမံကိန်းများနှင့်ပတ်သက်၍ လွှတ်တော်အမတ်အချို့က လက်ရှိ စက်မှုဇုန် ၂၉ ဇုန်တွင် အခြေခံအဆောက်အအုံများပြီး ပြည့်စုံမှုမရှိသေးသည့် အခြေအနေအပေါ် မေးခွန်းထုတ်မှုများရှိသလို ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းအသစ်များကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ဆောင်မှုများအပေါ်လည်း ပြန်လည်သုံးသပ်ရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေးထားသည်။

Source:myanmar times

Local News Read 631 times