နှစ်နိုင်ငံကုန်သွယ်ရေးမြှင့်တင်ရန် ထိုင်း - မြန်မာ ကုန်သွယ်ရေးစင်တာ ဖွင့်လှစ်မည်


14 May, 2019

ထိုင်း - မြန်မာ စီးပွားရေးကောင်စီက နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်မှုဆိုင်ရာဆက်ဆံရေး မြင့်တက်စေရန်ရည်ရွယ်ကာထိုင်း - မြန်မာ ကုန်သွယ်ရေးစင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိတယ်လို့ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရပါတယ်။

အဆိုပါ ကုန်သွယ်ရေးစင်တာက သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနမှာ တည်ရှိပြီး လက်ရှိမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကာ တရားဝင်ဖွင့်လှစ်ရန် ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

၎င်းစင်တာမှာ အထပ်သုံးထပ်ရှိပြီး ပထမထပ်တွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများနဲ့ ကုန်ပစ္စည်းများကို ပြသထားမှာဖြစ်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေနဲ့ လာရောက်လေ့လာကာ ကုန်သွယ်ရေးအတွက် တစ်ပါတည်း ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယထပ်မှာ မြန်မာနိုင်ငံမှ ကုမ္ပဏီများ၊ ကုန်ပစ္စည်းများကို ပြသထားမှာဖြစ်ပြီး ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များလည်း လာရောက်လေ့လာချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

တတိယထပ်မှာတော့ ဒေတာစင်တာရှိပြီး ၎င်းဒေတာစင်တာမှာ ထိုင်းစီးပွာရေးလုပ်ငန်းရှင်ပေါင်းသုံးသောင်းခန့်ရဲ့ စာရင်းဇယားများကို သိမ်းဆည်းထားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရပါတယ်။

မေလ ၉ ရက်နေ့က ထိုင်းနိုင်ငံမှ ပို့ကုန်သွင်းကုန်ဘဏ် EXIM Thailand နဲ့ ထိုင်းနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းကာ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းကုမ္ပဏီ ၃၀ ကျော်မှ လုပ်ငန်းရှင်အယောက် ( ၅၀ ) ပါဝင်တဲ့အဖွဲ့က ရန်ကုန်မြို့ကို လာရောက်ကာ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မယ့် EXIM - F.T.I CLMV Business Matching ကိုပြုလုပ်ခဲ့ပါတယ်။

ထိုင်း - မြန်မာ စီးပွားရေးကောင်စီဟာ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်းချုပ်က မကြာသေးမီက ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအနေန့ဲ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ဖို့ စီစဉ်နေပါတယ်။

The Voice 

Local News Export, Import Read 613 times