ThaiBev ရဲ့ BeerCo ရှယ်ယာရောင်းရန် အစီအစဉ် ဆက်လက်ထားရှိ


02 October, 2021

 

Thai Beverage က ၎င်းရဲ့ လက်အောက်ခံ ဘီယာလုပ်ငန်းကို ကနဦးလူထုထံ ရှယ်ယာရောင်းချခြင်း IPO လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း လုပ်ငန်း ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်သူ Thapana Sirivadhanabhakdi က သတင်းစာရှင်းလင်းပွဲမှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဘယ်အချိန်အခါမှာ စတင်ရောင်းချမယ်ဆိုတာကိုတော့ ထည့်သွင်းပြောကြားခြင်း မပြုဘဲ ကိုဗစ်ကပ်ဘေးကြောင့် အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြန်ပြင်ဆင်ရေးဆွဲနေတယ်လို့ ဆိုပါတယ်။ Thai Beverage က စင်ကာပူ စတော့အိပ်ချိန်းမှာ ၂၀၀၆ ခုနှစ်ကတည်းက  စာရင်းဝင်ထားပြီးသားဖြစ်ပြီး ဘန်ကောက်ရှိ ထိုင်းစတော့အိပ်ချိန်းမှာ စာရင်းသွင်းပြီး ရှယ်ယာရောင်းချမှာ ဖြစ်လို့ စင်ကာပူစတော့အိပ်ချိန်းထံမှ အတည်ပြု ခွင့်ပြုချက် လျှောက်ထားမယ်လို့ ဆိုပါတယ်။ အတည်ပြု ခွင့်ပြုချက်ရတဲ့အခါ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 
Thai Beverage  က နာမည်ကြီး Chang beer  ကို ချက်လုပ်တဲ့လုပ်ငန်း ဖြစ်ပြီး ထိုင်းဘီလျံနာ Charoen Sirivadhanabhakdi ပိုင်ဆိုင်တဲ့  TCC Group ကလုပ်ကိုင်ပါတယ်။ Thapana Sirivadhanabhakdi က Charoen Sirivadhanabhakdi ရဲ့ ကလေးငါးယောက်မှာ တတိယမြောက်သား ဖြစ်ပါတယ်။ 
ရှယ်ယာတွေ ရောင်းချဖို့ ၂၀၁၉ ခုနှစ်မှာ စတင် ပြင်ဆင်ခဲ့တယ်။ ကုမ္ပဏီတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့တည်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ BeerCo ကို ထူထောင်ခဲ့တယ်။ ဖေဖော်ဝါရီလမှာ  BeerCo ရဲ့ အစုရှယ်ယာ ၂၀% ကို ကနဦးလူထုထံ ရှယ်ယာရောင်းချခြင်းကို စတင်လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပြီး အချိန်ရွှေ့ဆိုင်းခဲ့တယ်။ နှစ်လခွဲကြာပြီးမှ စတော့အိပ်ချိန်းမှာ စာရင်းသွင်းခဲ့ပါတယ်။

ThaiBev ရဲ့ ဝင်ငွေက ဇွန်လကုန်အထိ ကိုးလအတွင်းမှာ ၁.၂% ယခင်နှစ် အလားတူကာလထက် မြင့်တက်ခဲ့ပြီဂ ဘတ် ၈၀.၂ ဘီလျံ ရရှိခဲ့တယ်။  လက်ကားရောင်းချခြင်းအပြင် လက်လီရောင်းချတာမှာ  စားသောက်ဆိုင်များနဲ့ အရက်ဘားတွေက ကိုဗစ်စည်းကမ်းတွေကြောင့် ပိတ်ထားရခြင်း၊ ဆိုင်ထိုင်သောက် ခွင့်မပြုခြင်းတို့ကြောင့်  စားသောက်ဆိုင်များနဲ့ အရက်ဘားတို့ ရောင်းချခြင်းကို စူးစိုက်ခြင်းအစား  လက်လီဆိုင်များကို စူးစိုက်လုပ်ကိုင်ခဲ့တယ်။ အင်တာနက်မှတစ်ဆင့် ရောင်းချပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ 

Thai Beverage  က စင်ကာပူနဲ့ ထိုင်း နှစ်နိုင်ငံစလုံးမှာ စတော့အိပ်ချိန်း စာရင်းဝင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စတော့အိပ်ချိန်း စာရင်းဝင်ဖို့ လုပ်ဆောင်တဲ့အခါ ဗုဒ္ဓဘာသာမှာ အရက်သေစာ သောက်စားခြင်းကို မကောင်းတဲ့အကျင့်လို့ သတ်မှတ်ထားတာကြောင့် တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြ ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့တာကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ ယခု  BeerCo လည်း အလားတူ ဆန့်ကျင်မှုကို ကြုံနေရပါတယ်။ 

TCC Group က ကုမ္ပဏီတွေကို ဝယ်ယူသိမ်းပိုက်ပြီး ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ကုမ္ပဏီစုကြီး အဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။  Saigon Beer Alcohol Beverage (Sabeco) ကို ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄.၈ ဘီလျံဖြင့် ဝယ်ယူခဲ့တယ်။ 
မြန်မာနိုင်ငံမှာ Crown Royal ဝီစကီ ထုတ်လုပ်တဲ့ Myanmar Distillery Company (MDC) ရဲ့ အစုရှယ်ယာ ၇၅% ကို အမေရိကန်ဒေါ်လာ ၄၉၄.၄ သန်းဖြင့် ဝယ်ယူခဲ့ပါတယ်။
ThaiBev ရဲ့ မြန်မာပြည်မှာ တည်ရှိတဲ့ ဘီယာစက်ရုံက ဖေဖော်ဝါရီလဆန်းကစလို့ အာဏာသိမ်းပြီးနောက်ပိုင်း မငြိမ်မသက်တွေ ဖြစ်နေပေပြီး ကိုဗစ်လှိုင်းထနေပေမဲ့လည်း မကြာသေးခင်က ဘီယာဘူး စည်သွပ်တဲ့ လိုင်းတစ်လိုင်း ထပ်တိုးခဲ့ပါတယ်။ 
မြန်မာနိုင်ငံမှ စက်ရုံကို ThaiBev ရဲ့ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း လက်ထံတစ်ခု ဖြစ်တဲ့  F&N လို့ အတိုကောက်ဖြင့် လူသိများတဲ့ Fraser and Neave က ၁၀၂၃ ခုနှစ်ကတည်း ဝယ်ယူခဲ့ပြီး လုပ်ကိုင်လျက် ရှိပါတယ်။ BeerCo. အနေဖြင့် ပတ်သက်ခြင်း မရှိအောင် လုပ်ပေးထားလိုက်တာ ဖြစ်ပြီး တကယ်လို့ စီးပွားရေးပိတ်ဆို့မှုတွေ ရှိလာခဲ့ရင် BeerCo. လွတ်လွတ်ကင်းကင်း ဖြစ်နေစေမှာ ဖြစ်ပါတယ်။ 

asia.nikkei.com
 

Global News Read 346 times