ထိုင်းနိုင်ငံ၏ အဓိက ကုန်သွယ်ဘက်နိုင်ငံများဖြစ်ကြသော အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့က ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံထုတ်ကုန်စည်များ တိုးမြှင့်ဝယ်ယူခဲ့ကြသဖြင့် ၎င်းနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ခြောက်နှစ်အတွင်း အမြင့်ဆုံးအနေဖြင့် ၉ ဒသမ ၉ ရာခိုင်နှုန်းအထိရှိကြောင်း သိရပါသည်။
ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ်တွင်၊ တစ်နှစ်တာ ကုန်စည်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၇ ဘီလျံရှိခဲ့ကြောင်း ကုန်သွယ်ရေး ၀န်ကြီးဌာနက သိရပါသည်။
ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် ပို့ကုန်တိုးတက်မှုသည် ကမ္ဘာ့ပို့ကုန်တိုးတက်မှုထက် များစွာသာလွန်ခဲ့ပြီး နှစ်အလိုက်နှိုင်ူယှဉ်ချက်အရ ၈ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်းခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ အဓိကထုတ်ကုန်များဖြစ်သော ရော်ဘာထုတ်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စားအုံးဆီနှင့် ဆက်စပ် ကုန်စည်များ၊ ဆန်၊ ကားနှင့် ကားအပိုပစ္စည်းများ၏ ပို့ကုန်မှာ အသီးသီးမြင့်တက်ခဲ့ပါသည်။
ဒီဇင်ဘာလအတွင်း ရာသီအလိုက် ပို့ကုန်ကျဆင်းခဲ့တဲ့အပြင် လယ်ယာထုတ်ကုန်တင်ပို့မှုလည်း နိမ့်ကျခဲ့သောကြောင့် ပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၂၀ ဘီလျံ အောက်တွင်သာရှိခဲ့၍ ပို့ကုန်တိုးတက်မှုသည်လည်း မျှော်မှန်းထားသကဲ့သို့ ၁၀ ရာခိုင်နှုန်းအထိမရောက်ခဲ့ခြင်းဖြစ်ပါသည်။
၂၀၁၇ ခုနှစ်အတွက် လယ်ယာထုတ်ကုန်များတင်ပို့မှုမှာ ဆက်တိုက်မြင့်တက်လာခဲ့ရာ ပမာဏအားဖြင့် ရောင်းအားအမြင့်ဆုံး လယ်ယာထုတ်ကုန်များတွင် ဆန်၊ ရော်ဘာ၊ သစ်သီးဝလံနှင့် ကြက်သားတို့ ပါ၀င်ခဲ့ပါသည်။
ထိုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၁၁ ဒသမ ၆ သန်းအထိရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ ပို့ကုန် ၅-၇ ရာခိုင်နှုန်းလောက် တိုးတက်ခဲ့၍ တန်ဖိုး ဒေါ်လာ ၂၄၈-၂၅၃ ဘီလျံ ရှိနိုင်မည်ဟု ၀န်ကြီးဌာနအနေနဲ့ မျှော်လင့်ခဲ့ကြောင်းသိရပါသည်။
ပျမ်းမျှတိုးတက်မှုသည် ခြောက်ရာခိုင်နှုန်းသာရှိပြီး တန်ဖိုးဒေါ်လာ ၂၅၀ ဘီလျံလောက် ရှိနိုင်မည်ဟုလည်း ခန့်မှန်းကြောင်း သိရပါသည်။
၀န်ကြီးဌာနအနေဖြင့် တိုးတက်မှုအရှိန်အဟုန် လျော့မသွားစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ဘတ်ငွေတန်ဖိုးမြင့်မားမှုသည် စက်မှုထုတ်ကုန်ထက် လယ်ယာထုတ်ကုန်တင်ပို့မှုကို ပို၍ ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်းအမျိုးသား ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှဏ်၊ ပို့ကုန်ကဏ္ဍ အားကြောင်းခဲ့ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်တွင်လည်း ကမ္ဘာ့စီးပွားရေးအား ပြန်ကောင်းလာခြင်းနှင့် ရေနံစျေးကောင်းနေခြင်းကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်အားဆက်ကောင်းဦးမည်ဟု ခန့်မှန်းထားပါသည်။
အမေရိကန်၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒများ၊ ထိုင်းဘတ်ငွေ အားကောင်းမှုနှင့် လုပ်သားစရိတ်ကြီးမြင့်မှုစသော ခြိမ်းခြောက်မှုများရှိနေသဖြင့် ဒုတိယသုံးလပတ်တွင် ပို့ကုန်မကျဆင်းစေရန် အနီးကပ် စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောခဲ့ပါသည်။