အာဆီယံ သဘောတူညီချက်နှင့်အညီ ထိုင်းနှင့် မလေးရှား ဘဏ်လုပ်ငန်း စည်းမျဉ်းများ ချမှတ်


15 September, 2021

မလေးရှား ဘဏ်များသည် ထိုင်းနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်မည်ဆိုပါက ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသော အာဆီယံဒေသတွင်း သဘောတူညီချက်အရ ဘဏ်ခွဲ ၄၀ ခုအထိ ဖွင့်လှစ်ခွင့် ရရှိမည် ဖြစ်ပြီး အရင်းအနှီး အနည်းဆုံးဘတ် ၁၅ ဘီလျံ မတည်ရမည်ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီချက်တွင် သတ်မှတ်ထားသည်။ 

ငွေထုတ်ချေးမည့် ဘဏ်လုပ်ငန်းများသည် အာဆီယံ သတ်မှတ်ချက် ပြည့်မီသောဘဏ် QAB- Qualified Asean Bank ဖြစ်လာစေရန် Bank of Thailand  ထံသို့ လျှောက်လွှာတင်ရမည် ဖြစ်သည်ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီးက စည်းမျဉ်းစည်းကမ်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် လျှောက်ထားသော ဘဏ်များသည် မိခင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ဗဟိုဘဏ်များထံမှ အတည်ပြု ခွင့်ပြုချက် ရယူရန် လိုအပ်သည့်အပြင် ထိုင်း ဘဏ္ဍာရေးဝန်ကြီး၏ ခွင့်ပြုမိန့်ကိုလည်း ရယူဖို့ လိုအပ်သည်။ 

ထိုင်းမှ ဘဏ်များ မလေးရှားတွင် ဝင်ရောက်လုပ်ကိုင်မည်ဆိုပါက အလားတူပင် ဆောင်ရွက်ရမည် ဖြစ်သည်။ 

ထိုင်းနှင့် မလေးရှား နှစ်နိုင်ငံ သဘောတူညီချက်သည် အာဆီယံနိုင်ငံများအကြား သဘောတူညီချက်အရ ဈေးကွက်တစ်ခုထဲ ဝင်ရောက်သည့်အခါ လိုက်နာရမည့် အချက်များ ခိုင်မာသွားစေသည်။  သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ QAB ဖြစ်လာမည်ဖြစ်ပြီး ကွန်ရက်နှင့် ဝန်ဆောင်မှုများကို ဒေသအတွင်း ချဲ့ထွင်ခွင့် ရရှိထားမည် ဖြစ်သည်။ အိမ်ရှင်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရန် တံခါးဖွင့်ပေးထားရမည် ဖြစ်သည်။ QAB ဖြစ်လာပြီးသည့်အခါ အတည်ပြုသည့်နေ့ရက်မှ တစ်နှစ်အတွင်း ဘဏ်လုပ်ငန်း စတင်လုပ်ကိုင်ရန် လိုအပ်သည်။ 

ထိုင်းနိုင်ငံသည် အလားတူ နှစ်နိုင်ငံ သဘောတူညီချက်ကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာ နိုင်ငံတို့နှင့် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ဆောက်ရွက်လျက် ရှိသည်ဟု ထိုင်းဗဟိုဘဏ်က ပြောကြားသည်။ 
 

Banking & Loan Read 192 times