မြန်မာ့သနပ်ခါးစျေးကွက် ရေရှည်ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ဥပဒေ အတိုင်း ထိရောက်စွာ ကာကွယ်ပေးစေလိုကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းထံမှ သိရသည်။
“မြန်မာနိုင်ငံသနပ်ခါးအသင်းအနေနဲ့ ပြည်တွင်းစျေးကွက်အတွင်းမှာရှိတဲ့ သနပ်ခါးအလှကုန် အမျိုးပေါင်း ၈၀ ခန့်ကို နမူနာများ ဝယ်ယူပြီး ၂၀၁၉ ခုနှစ်က တစ်ကြိမ် ၂၀၂၀ ပြည့်နှစ်က တစ်ကြိမ် နမူနာ ပစ္စည်းများနဲ့အတူ ထိရောက်စွာ တိုင်ကြားခဲ့ပေမယ့်လည်း သက်ဆိုင်ရာ စားသုံးသူရေးရာ အဖွဲ့အစည်းတွေကနေ ယနေ့အချိန်အထိ ထိထိရောက်ရောက် အကြောင်းပြန် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။ အတုအပ ထုတ်လုပ်တင်သွင်းနေတဲ့သူတွေကို ကာကွယ်ပေးနေသလို ဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဉက္ကဋ္ဌ ဦးကျော်မိုးက ပြောပြသည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသနပ်ခါးအသင်း၊ မြန်မာနိုင်ငံ စားသုံးသူရေးရာအသင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့်အတူ မုံရွာမြို့ပေါ်ရှိ စတိုးဆိုင်များတွင် သနပ်ခါးနာမည် အသုံးပြုထုတ်လုပ်တင်သွင်း ရောင်းချနေသည့် အလှကုန်များကိုစစ်ဆေးပြီး ဆိုင်ရှင်များကို ဆက်လက်မရောင်းချစေရန် သတိပေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
“စားသုံးသူဥပဒေ အခန်း ၁၈၊ အပိုဒ်(စ)မှာ ထုတ်ကုန်တိုင်းမှာပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းအမျိုးအစား အချိုးအစားပမာဏ တိကျစွာဖော်ပြပြီး မှန်ကန်ကြောင်းအာမခံရမယ်။ ပစ္စည်းတစ်ခုကို လိမ်လည် လှည့်ဖျား ထင်ယောင်ထင်မှား မရောင်းချရဘူးဆိုတာ ပြဋ္ဌာန်းထားခဲ့ပေမယ့် စာအုပ်ထဲမှာပဲ ရှိနေတယ်။ လက်တွေ့ကျကျ အရွေ့တစ်ခုကို မဆောင်ရွက်နိုင်ကြသေးပါဘူး။ ကျွန်တော်တို့တောင်သူတွေအနေနဲ့က ဟန်ရေးပြတွေမဖြစ်စေချင်တော့ဘူး။ မြန်မာနိုင်ငံသနပ်ခါးအသင်းအနေနဲ့ တစ်နိုင်ငံလုံးကို စစ်ဆေးပေး နိုင်ဖို့ စားသုံးသူညွှန်ချုပ်ထံ လိပ်မူပြီး စာတင်ခဲ့တဲ့အတွက် စစ်တော့ စစ်ဆေးပေးခဲ့ပါတယ်။ ဒါကလည်း တစ်ပြည်လုံးအတိုင်းအတာမှာ မထိရောက်ခဲ့ပါဘူး။ စျေးကွက်ထဲမှာ သနပ်ခါးမပါဘဲ ရောင်းချနေကြတဲ့ သနပ်ခါးအမည်ခံ အလှကုန်တွေကြောင့် အမှန်တကယ်ကြိုးစားပြီး စိုက်ပျိုးနေကြတဲ့ သနပ်ခါးခြံရှင်တွေ စိတ်ဓာတ်ကျကုန်ကြပါပြီ”ဟု အသင်းဉက္ကဋ္ဌ ဦးကျော်မိုးက ပြောပြသည်။
မြန်မာတစ်မျိုးသားလုံးအတွက် အဖိုးတန်သယံဇာတ မြန်မာ့ကိုယ်စားပြု သဘာဝထုတ်ကုန်တစ်ခု ဖြစ်သည့် မြန်မာ့သနပ်ခါးရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဆက်လက်ထိန်းသိမ်းနိုင်စေရေးနှင့်၊ နောင်အခါတွင် သနပ်ခါးပင်နှင့် သနပ်ခါးပင် အမှန်တကယ် စိုက်ပျိုးထုတ်လုပ်သူများ မရှိတော့သည်အထိ မဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ ထိရောက်သော ဉပဒေတို့ဖြင့် အမြန်ဆုံး အကာအကွယ်ပေးစေလိုကြောင်း သိရသည်။