သထုံစက်မှုဇုန်နယ်မြေတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်


20 August, 2018

ဧက ၁,၅၀၀ ခန့်ကျယ်ဝန်းသည့် သထုံစက်မှုဇုန်နယ်မြေ၌ မည်သည့်စက်မှုလုပ်ငန်းမဆို ရင်းနှီးမြုပ်နှံနိုင်ကြောင်းစက်မှုဝန်ကြီးဌာနက သြဂုတ် ၂ ရက်တွင် လုပ်ငန်းရှင်များကို စိတ်ဝင်စားမှု ဖော်ပြလွှာဖိတ်ခေါ်ခဲ့သည်။

အဆိုပါ စက်မှုဇုန်နယ်မြေသည် သထုံမြို့နယ် အင်းရှည်ရွာ အနီးတွင်ရှိပြီး ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားပါက စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထား၍ အဆိုပြု လွှာတင်ပြရမည်ဟု ဝန်ကြီးဌာနက ကြေညာထားသည်။

‘‘စက်ရုံတွေ အများစုက ရပ်ဆိုင်းထားတယ်။ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုမှ ပြန်လည်ပတ်ရမယ့် စက်ရုံတွေရှိတယ်။ အခု သထုံက ရပ်ဆိုင်းထားတဲ့ အထဲမပါဘူး။ လောလောဆယ် လုပ်လို့ရတယ်။ နိုင်ငံတော်အကျိုး အတွက်ပေါ့’’ဟု စက်မှုဝန်ကြီး ဌာနဒုတိယအမြဲတမ်းအတွင်းဝန် ဦးထွန်းမြင့်က ပြောသည်။

နိုင်ငံတော်အတွက် အကျိုးရှိစေမည့် စက်မှုလုပ်ငန်းများကို မြန်မြန်ဆန်ဆန် ခွင့်ပြုနိုင်ရန်ဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါ စက်ရုံသည် ၁၉၈၅ တွင် စတင်ပြီး လူစီးမော်တော်ယာဉ်၊ အပေါ့စားမော်တော်ယာဉ်၊ အကြီးစား မော်တော်ယာဉ်နှင့် လယ်ယာသုံးaမာ်တော်ယာဉ်များ၏ တာယာများ ထုတ်လုပ်နေသည်။ ရန်ကုန်တိုင်းရှိ စက်ရုံနှစ်ရုံ အပါအဝင် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံခြောက်ခုကို ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်ထားကြောင်း ဦးထွန်းမြင့်က ပြောသည်။

စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ ၂၄ ရုံကို ပြည်ထောင်စုလွှတ်တော်က ယာယီရပ်ဆိုင်းထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ အဆိုပါ စက်ရုံများ၏ စီမံခန့်ခွဲမှု၊ ပုဂ္ဂလိကသိ့ု ရောင်းချမှုများအတွက် အစိုးရက မူဝါဒချမှတ်ပေးရန် စောင့်နေကြောင်း ၎င်းကဆိုသည်။

စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ၊ အလုပ်ရုံများသည် နှစ်စဉ် ကျပ်ဘီလီယံထောင်ချီ အရှုံးပေါ်နေခြင်းကြောင့် ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးရန် အစိုးရက စီစဉ်နေသည်။

၂၀၁၇ မတ်လကပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံပိုင်စက်ရုံ လေးရုံကို ရပ်ဆိုင်းသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းကော်မတီက တင်ပြခဲ့သည်။ ထို့နောက် လွှတ်တော်က စက်မှု ဝန်ကြီးဌာနအောက်ရှိ စက်ရုံများအပါအဝင် နိုင်ငံပိုင်စက်ရုံအများစုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

လွှတ်တော်က အဆိုပါစက်ရုံများကို စစ်ဆေးပြီးသော်လည်း မည်သို့ ဆောင်ရွက်သင့်ကြောင်း အစိုးရရော လွှတ်တော်ကပါ ဆုံးဖြတ်ချက်မချသေးဟု စက်မှု ဝန်ကြီးဌာနကဆိုသည်။

Investment/Divestment Read 639 times