ထိုင်း- မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေ တိုက်ရိုက်အသုံးပြုပေးချေနိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်


05 March, 2022

ထိုင်း- မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေ တိုက်ရိုက်အသုံးပြုပေးချေနိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ် ၃ ရက် ရက်စွဲဖြင့်ထိုင်း- မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်အသုံးပြုပေးချေနိုင်ပါကြောင်း ထုတ်ပြန်ကြေညာပါသည်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပြုကြရာတွင် တရုတ်နိုင်ငံသုံးငွေ ယွမ်ကို  တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာသော  အမိန့်ကြော်ငြာစာအမှတ် ၅ /၂၀၂၂  (၂ဝ၂၂ ခုနှစ်၊ မတ်လ ၃ ရက်) ကြေညာချက်ကို ဖော်ပြအပ်ပါသည်။ 


၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ထုတ်ပြန်လိုက်သည်။

၂။ . ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့ စေရန်နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန် တို့အတွက် ရည်ရွယ်၍ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်။

၃။ ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့ သူများ၏ ဘတ်စာရင်းဖွင့်လှစ်ခွင့်ပြုသည်။

၄။ သို့ဖြစ်၍ ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။

၅။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

သန်းညိန်း ဥက္ကဋ္ဌ
 

 

 

Banking & Loan Read 1406 times