မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် အမျိုးသား ဓာတ်အားပေးစနစ်နှင့် ချိတ်ဆက်မည့် မဂ္ဂါဝပ် ၁၇ဝ ရှိ ဆိုလာ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကို လာမည့် ၂ဝ၁၉ ခုနှစ်၊ နွေရာသီအမီ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် လုပ်ဆောင်နေကြောင်း GEP (Myanmar) ကုမ္ပဏီ၏ စီးပွားရေးဖွံဖြိုးမှုဌာန၊ အထွေထွေမန်နေဂျာ ဦးလင်းနိုင်ဦးက ပြောသည်။
အဆိုပါစီမံကိန်းကို GEP (Myanmar) ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၂၉၇ သန်းဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံထားပြီး အစိုးရသို့ လျှပ်စစ်ရောင်းချမည့် စီမံကိန်းဖြစ်သည်။စီမံကိန်းက ရရှိလာသော လျှပ်စစ်ဓာတ်အားသည် ၂၃ဝ ကေဗီ ဖြန့်ချိရေးလိုင်းများနှင့် ချိတ်ဆက်ပြီး အမျိုးသားဓာတ်အားပေးစနစ်ထဲသို့ ရောက်ရှိမည်ဖြစ်သည်။
အစိုးရသို့ လျှပ်စစ်ရောင်းချရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဓာတ်အားဝယ်ယူရေး စာချုပ်ချုပ်ဆိုထားပြီး အတိအကျ ပြောဆိုနိုင်ခြင်းမရှိသော်လည်း တစ်ယူနစ်လျှင် ကျပ် ၁၅ဝ အောက်နှုန်းထားဖြင့် ကုမ္ပဏီက အစိုးရသို့ ရောင်းချရန် သဘောတူထားသည်ဟု ဦးလင်းနိုင်ဦးက ပြောသည်။လက်ရှိ
ထို့ပြင် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Synergy Business Development Co,Ltd (SBD) နှင့် ပြည်ပကုမ္ပဏီ (ပြင်သစ်ကုမ္ပဏီ ဖြစ်လာနိုင်ခြေရှိသည့်) တို့က မဂ္ဂါဝပ် ၂ဝဝ ရှိသော ဆိုလာစီမံကိန်းကို ရင်းနှီးမြှုပ်နှံရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ အဆိုပြုလွှာ တင်ပြထားကြောင်း SBD ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာ ဦးလင်နိုင်ဦးက ပြောသည်။အဆိုပါစီမံကိန်းကို မိတ္ထီလာမြို့နယ်တွင် တည်ထောင်မည်ဖြစ်ပြီး ဝန်ကြီးဌာနက ကုမ္ပဏီဘက်ကို အသေးစိတ်တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် မြေဧက ၇ဝဝ ပေါ်တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၂ဝဝ ရှိသော ဆိုလာစီမံကိန်းသည် ပြည်တွင်းကုမ္ပဏီက အကောင်အထည်ဖော်သူအဖြစ် ဆောင်ရွက်ကာ နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ယင်းမဂ္ဂါဝပ် ၂ဝဝ စီမံကိန်းအတွက် လုပ်ငန်းစဉ်များ ဖြတ်သန်းရမည် ဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို ၂ဝ၂ဝ မှသာ စတင်နိုင်မည်ဟု ဦးလင်းနိုင်ဦးက ပြောသည်။
ပြည်တွင်းကုမ္ပဏီသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းဆိုလာဖြင့် လျှပ်စစ်စီမံကိန်းလုပ်ငန်းများ ချဲ့ထွင်မည်ဖြစ်ပြီး အစိုးရကို လျှပ်စစ်မီးပေးနိုင်ရန် ကြိုးစားမည်ဟု ၎င်းက ပြောသည်။