ယာဉ်စစ်ခံ Booking ပျက်ကွက်လျှင် တစ်လ ပိတ်တားစာရင်းသွင်းဆောင်ရွက်မည်


05 October, 2018

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ Online Booking ယာဉ်မှန်/ မမှန် ယာဉ်စစ်ရက်ချိန်း ရယူဆောင်ရွက်ခြင်းနှင့်ပတ်သတ်၍ သတိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးအသီးသီးတွင် Online Booking ယာဉ်မှန်/မမှန်ယာဉ်စစ် ရက်ချိန်းရယူဆောင်ရွက်ခြင်းကို (၂၀.၈.၂၀၁၈)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ၏ တင်ပြချက်အရ (၁၀.၉.၂၀၁၈) ရက်နေ့မှစ၍ မူလသတ်မှတ်ထားသည့် ယာဉ်စီးရေအပြင် ရုံးတစ်ရုံးစီတွင် တစ်ရက်လျှင် (၁၀) စီးစီ ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဌာနအနေဖြင့် လုပ်ငန်းများ များပြားသည့်ကြားမှ ကြိုးစား၍ တိုးမြှင့်ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။ သို့သော် ယာဉ်စစ်ရက်ချိန်းရယူထားသည့် ယာဉ်စီးရေ၏ ၆၀% ခန့်သာ အမှန်တကယ်လုပ်ငန်းလာရောက်ဆောင်ရွက်ပြီး၊ ကျန် ၄၀% ဝန်းကျင်မှာ လာရောက်ဆောင်ရွက်ခြင်းမရှိဘဲ Online ရယူထားလေ့ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ မလိုအပ်ဘဲတင်သည့် Booking များကြောင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်လိုသောယာဉ်များအတွက် Booking အခက်အခဲများ၊ အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းဖြစ်ရာ အမှန်တကယ်လာရောက်ဆောင်ရွက်ခြင်းမပြုဘဲ ကြိုတင်ရက်ချိန်းရယူခြင်း မပြုကြပါရန် အကြိမ်ကြိမ်အသိပေးနှိုးဆော်ထားပြီး ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ (၈.၁၀.၂၀၁၈) ရက်နေ့မှစတင်၍ Online Booking စနစ်ဖြင့် ယာဉ်မှန် /မမှန်စစ်ဆေးရန် ရက်ချိန်းရယူပြီး အမှန်တကယ်လာရောက်ဆောင်ရွက်ခြင်းမရှိသည့် ယာဉ်အမှတ်များကို ၎င်း Booking ပျက်ကွက်ရက်မှ တစ်လ(တစ်လ) အတွင်း နောက်ထပ်ရက်ချိန်းယူ၍ မရအောင် ပိတ်တားစာရင်းသွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယာဉ်မှန်/မမှန်ယာဉ်စစ် ရက်ချိန်းကို အမှန်တကယ်လိုအပ်မှသာ Booking တင်ဆောင် ရွက်သွားကြပါရန် ထပ်မံနှိုးဆော်အပ်ပါသည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

Transcom

Local News Read 1390 times