နည်းပညာ စွန့်ဦးတီထွင်မှုလုပ်ငန်းပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းသုံးသင်းကို စီးပွားရေးအရ ရပ်တည်နိုင်သည့် ကုမ္ပဏီများ ဖြစ်လာသည်အထိနည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည်ဟု ပွဲစီစဉ်သူများက ပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်းကျင်းပသော လူငယ်နည်းပညာစွန့်ဦးတီထွင်လုပ်ငန်း ၂ဝ၁၈ တွင် ရွေးချယ်ခံရသည့် အသင်းသုံးသင်း၏ တိုးတက်မှုအခြေအနေများကို ရှင်းလင်းသည့် အခမ်းအနားတစ်ရပ် ယခုသီတင်းပတ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါအဖွဲ့သုံးဖွဲ့၏ နည်းပညာ စွန့်ဦးတီထွင်မှုလုပ်ငန်းများ၏ အောင်မြင်မှုကို လာမည့်နှစ် အနည်းငယ်အတွင်း မြင်တွေ့ရဖွယ်ရှိကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အဖွဲ့ဥက္ကဌ ဦးခွန်ဦးက သြဂုတ် ၆ ရက်တွင် ပြောသည်။
''အခုလူငယ်တွေက အကောင်းဆုံးမဟုတ်ပေမဲ့ အဆိုပြိုင်ပွဲဝင်တွေလိုပဲ တဖြည်းဖြည်းနဲ့ အစပဲ ဖြစ်သေးတဲ့အတွက်ကြောင့် လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ နောက်နှစ်နှစ် သုံးနှစ်အတွင်းမှာ အရမ်းကို တီထွင်မှုကောင်းတဲ့ ပစ္စည်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်''ဟု ဦးခွန်ဦးက ဆိုသည်။
ရွေးချယ်ခံထားရသော စွန့်ဦးတီထွင်ကုမ္ပဏီသုံးခုကို ဆုကြေးငွေကျပ်သိန်း ၅ဝ နှင့်အတူ ကုမ္ပဏီမှတ်ပုံတင် တည်ထောင်ပေးထားသည်။ လုပ်ငန်းများ စတင်လည်ပတ်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က Kaung Hub Incubation (MICT Park) စင်တာတွင် ရုံးခန်းနေရာကို ခြောက်လတိတိ အခမဲ့အသုံးပြုခွင့်ပေးထားသည်။
ထို့ပြင် နည်းပညာ၊ စီးပွားရေးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ကွန်ပျူတာပညာရှင်နှင့် လုပ်ငန်းရှင်အသင်းများက အကူအညီများ ပေးအပ်လျက်ရှိသည်။
''ဒါကို စလုပ်ခဲ့စဉ်က မြန်မာနိုင်ငံက လူငယ်တွေက အလွန်တော်တယ်။ နည်းပညာလည်း တတ်ကျွမ်းတယ်။ အခွင့်အရေးပဲလိုတာလို့ စဉ်းစားခဲ့မိပြီး ရုံးခန်းနေရာနဲ့ အကြံပေးမှုတွေသာ ထောက်ပံ့ပေးခဲ့ရင် အောင်မြင်တဲ့ နည်းပညာလုပ်ငန်းရှင်တွေ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ပြီး လုပ်ခဲ့တာပါ'' ဟု လူငယ်နည်းပညာ ဆန်းသစ်တီထွင်မှုအစီအစဉ်ကို ဦးဆောင်ကျင်းပသူ ဦးသောင်းစုငြိမ်းက ပြောသည်။
လက်တွေ့စီးပွားရေးနယ်ပယ်တွင် ထိုးဖောက်အခြေချခွင့်ရတော့မည့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် ဂုဏ်ယူကြောင်း MPTCSR အကြံပေး ဦးခင်မောင်သက်က ပြောသည်။
'' MPT ရဲ့ 'နှလုံးသားထဲကမြန်မာ' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နည်းပညာကျွမ်းကျင်လူငယ်တွေကို ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
၂ဝ၁၇ မတ်လတွင် စတင်ခဲ့သော 'လူငယ်နည်းပညာစွန့်ဦးတီထွင်လုပ်ငန်း' ပြိုင်ပွဲတွင် တစ်နိုင်ငံလုံးက အဖွဲ့ပေါင်း ၂ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရာ ဆန်ခါတင် အဖွဲ့ ၅ဝ အနက် အဆင့်ဆင့်စိစစ်ကာ နောက်ဆုံးတွင် အဖွဲ့သုံးဖွဲ့ကို ၂ဝ၁၈ ဖေဖော်ဝါရီလက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ရွေးချယ်ခံခဲ့ရသည့် နည်းပညာစွန့်ဦးတီထွင်မှုလုပ်ငန်းသုံးခုအနက် ပထမတစ်ခုသည် DAT နည်းပညာကုမ္ပဏီက မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်သည့် အသံထွက်စာအုပ် (Talking Book) ဟုခေါ်သည့် အသုံးချမိုဘိုင်းဆော့ဖ်ဝဲ ဖြစ်သည်။ လူငယ်များ စာဖတ်နှုန်း မြှင့်တင်ရန် စာအုပ်များ၏ မူပိုင်ခွင့် ပိုင်ဆိုင်သူများထံမှ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်မည်ဖြစ်သည်။
နောက်ထပ် ရွေးချယ်ခံရသည့် အသုံးချဆော့ဖ်ဝဲမှာ Klenic Myanmar ကုမ္ပဏီက ရေးဆွဲသည့် ဒေါက်တာကျော် (Doctor Kyaw) အမည်ရ မိုဘိုင်းဆော့ဖ်ဝဲဖြစ်သည်။ အဆိုပါ မိုင်ဘိုင်းဖုန်းဆော့ဖ်ဝဲမှတစ်ဆင့် လူနာများ၏ဆေးမှတ်တမ်းကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး အဆိုပါအသုံးချဆော့ဖ်ဝဲမှတစ်ဆင့် လူနာနှင့် ဆရာဝန်များ တိုက်ရိုက်ဆက်သွယ်ကာ ကျန်းမာရေးအမေး၊ အဖြေများ ပြုလုပ်နိုင်သည်။
လူငယ်နည်းပညာစွန့်ဦးတီထွင်ကုမ္ပဏီဖြစ်သည့် DIGI Tech က ရေးဆွဲထားသည့် DiGi Café သည်လည်း ရွေးချယ်ခံရသည့် အသုံးချဆော့ဖ်ဝဲတစ်ခုဖြစ်သည်။
ယင်းဆော့ဖ်ဝဲဖြင့် ဂိမ်းကစားသူများ အချင်းချင်း ချိတ်ဆက်နိုင်ပြီး ၎င်းတို့အကြား ဂိမ်းကစားရာတွင် အသုံးပြုရသည့် ပစ္စည်းများ (Items) ရောင်းဝယ်မှုပြုလုပ်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။
Source: myanmar times