၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစပိုင်း အခွန်ငွေ ကောက်ခံမှုအခြေအနေ


27 February, 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်အတွက် ကောက်ခံရတဲ့ အခွန်ငွေဟာ မူလ လျာထားချက်ထက် ကျော်လွန်ပြီး ကျပ်ငွေ ၃၀၇၈ ဒသမ ၇၉၉ ဘီလီယံ ကောက်ခံရရှိတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၆ ရက် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တဲ့ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေ အစီရင်ခံစာနဲ့ပတ်သက်ပြီး ၎င်းက ထပ်မံ့ပြောကြားခဲ့ပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တခုလုံးတွင် အခွန်အကောက်ရငွေ လျာထားချက် မူလခန့်မှန်းခြေစာရင်းအရ ငွေကျပ် ၆၄၈၁ ဒသမ ၀၀၈ ဘီလီယံ ဖြစ်ကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်အတွက် အခွန်အကောက် ၂၁ မျိုးမှ ကောက်ခံဖို့ လျာထားချက်ကတော့ ငွေကျပ် ၂၅၅၃ ဒသမ ၆၈၅ ဘီလီယံဖြစ်ပြီး ကောက်ခံရရှိမှု အခြေအနေကတော့ ကျပ် ၃၀၇၈ ဒသမ ၇၉၉ ဘီလီယံ၊ အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်းမှာ ၁၂၀ ဒသမ ၅၆ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါသည်။

နိုင်ငံတော်အနေနဲ့ အနာဂတ်ကာလမှာ နိုင်ငံတော်အစိုးရရဲ့ အသုံးစရိတ်တွေကို အခွန်အရပ်ရပ် ကောက်ခံရရှိမှုက ရငွေတွေနဲ့ အဓိကတည်မှီသုံးစွဲရမှာ ဖြစ်သော်လည်း မြန်မာပြည်ရဲ့ အခွန်အကောက်ရငွေနဲ့ ဂျီဒီပီအချိုးကတော့ နိမ့်ကျနေဆဲဖြစ််လို့ ရသင့်ရထိုက်တဲ့ အခွန်အကောက်တွေ အပြည့်အဝ ကောက်ခံရရှိဖို့ အခွန်အခြေချဲ့ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ၎င်းက လွှတ်တော်မှာ ပြောခဲ့ပါသည်။

ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ကတော့ အခွန်ရငွေတိုးတက်ရရှိဖို့ ဆောင်ရွက်ရာမှာ တည်ဆဲအခွန်မူဝါဒနဲ့ ကိုက်ညီတဲ့ သွယ်ဝိုက်ခွန်တွေဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူးကုန်စည်ခွန်တွေသာမက တိုက်ရိုက်ခွန်ဖြစ်တဲ့ ဝင်ငွေခွန်တွေကိုလည်း အထူးအလေးထား ဖိဖိစီးစီး ကောက်ခံသင့်တယ်လို့ လွှတ်တော်မှာ ဆွေးနွေးသွားခဲ့ပါသည်။

ဒါ့အပြင် အခွန်ထမ်းဆောင်မှု အလေ့အထ ပြန့်ပွားတိုးတက်စေဖို့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်တာကြောင့် ပြည်သူတွေ ရရှိခံစားနိုင်မယ့် အခွင့်အရေးတွေကို ပြည်သူတွေ ပိုမိုသိရှိစေဖို့ ပညာပေးမှုတွေ ကျယ်ပြန့်စွာ ဆောင်ရွက်သင့်ကြောင်း၊ အခွန်ကျေပွန်စွာ ထမ်းဆောင်သူတွေကို အလေးထားပြီး သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်ဖို့ အခွန်တိမ်းရှောင်မှု၊ အခွန်ငွေ ထိမ်ချန်မှုနဲ့ ကုန်စည်တွေ တရားမဝင် တင်သွင်း၊ ထုတ်လုပ်၊ ရောင်းဝယ်ဖောက်ကားမှုတို့ကိုလည်း ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေး ကြိုးပမ်းဖို့လည်း တိုက်တွန်းပြောကြားသွားခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါသည်။

Taxation Read 671 times