နယ်စပ်က အေးခဲအသားတင်သွင်းမှု တားမြစ်


14 February, 2019

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အေးခဲအသားများတင်သွင်းမှုကို တားမြစ်သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များသို့ ကြိုတင်အသိပေး အကြောင်းကြားထားသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

 အေးခဲအသား (အစို)၊ အေးခဲ ရေထွက်ကုန်ပစ္စည်းများ၊ အသားအမျိုးမျိုးနှင့် ရေထွက်ကုန်ပစ္စည်းများကို အခြေခံ အသုံးပြုထုတ်လုပ်ထားသော အစားအသောက်ကုန်ပစ္စည်းများ နယ်စပ်က တင်သွင်းခြင်းကို မတ် ၁ ရက်မှစ၍ ခွင့်ပြုတော့မည် မဟုတ်ပေ။ အဆိုပါကုန်ပစ္စည်းတင်သွင်းမှုကို ပင်လယ်ရေကြောင်းမှသာ ဆက်လက် တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပါတယ်။

နယ်စပ်စခန်းများတွင် စားသုံးသူ ဘေးကင်းလုံခြုံရေး စစ်ဆေးမည့် ဓာတ်ခွဲခန်းများ ပြည့်စုံမှုမရှိသည့်အတွက် ယင်းသို့ တားမြစ်လိုက်ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အမဲသား၊ ဝက်သား၊ ငါး စသည့် အေးခဲအသားများနှင့် စားသောက်ကုန်များကို အဓိက တင်သွင်းခြင်းဖြစ်ပြီး နိုင်ငံခြား ခရီးသွားဈေးကွက်အတွက် ရည်ရွယ်သော ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် အဓိက သုံးစွဲနေကြခြင်းဖြစ်ပါတယ်။

 အေးခဲအသားတင်သွင်းမှုများသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်သွင်းခွင့် လျှောက်ထားမှုအပြင် သက်ဆိုင်ရာနိုင်ငံ၏ ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြု ထောက်ခံချက်နှင့်အတူ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့လည်း တင်ပြလျှောက်ထားရပါတယ်။ တင်ပို့ခွင့်ပြုပြီးနောက်တွင် စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ စစ်ဆေးရာတွင် ရန်ကုန်နှင့်မန္တလေးတွင် ဓာတ်ခွဲခန်းများရှိပြီး နယ်စပ်များတွင် ဓာတ်ခွဲခန်းများ မရှိသည့်အတွက် အေးခဲအသားအား နယ်စပ်က တင်သွင်းမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။

'' နိုင်ငံအတွက် ကျန်းမာရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ရေးတို့အတွက်လည်း ရည်ရွယ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးကန့်သတ်ချက်တွေ လုပ်လေ့ရှိတယ်။ ဒီအချိန်မှာ နယ်စပ်ဓာတ်ခွဲခန်းတွေလည်း မရှိတော့ ဆိုင်းငံ့လိုက်တဲ့သဘောမျိုးပါ။ ဓာတ်ခွဲခန်းတွေ အဆင်သင့်ဖြစ်တဲ့အခါ ပြန်လည်စဉ်းစားသွားမှာပါ'' ဟု ဦးခင်မောင်လွင်က ပြောပါတယ်။

အေးခဲအသားတင်သွင်းမှုသည် နယ်စပ်လမ်းကြောင်းထက် ပင်လယ်ရေကြောင်းကိုသာ အဓိကအားပြု၍ တင်သွင်းခြင်းဖြစ်ပြီး နယ်စပ်လမ်းကြောင်းများအနက် အေးခဲအသားများကို မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြု၍ ထိုင်းနိုင်ငံမှ တင်သွင်းမှုများပြားပါတယ်။ ယခင်ကမူ အေးခဲအသားတင်သွင်းသော အိမ်နီးချင်းနိုင်ငံတွင် ရောဂါများဖြစ်ပွားပါက နယ်စပ်ကတင်သွင်းမှုကို ပိတ်ပင်လေ့ရှိပါတယ်။

Source: The Myanmar Times

Export, Import Read 461 times