ဒစ်ဂျစ်တယ်ခေတ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မိုဘိုင်းဖုန်းအသုံးပြုမှုတွေ မြင့်တက်နေတာနဲ့အတူ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာလည်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေနဲ့ ဖန်တီးမှုတွေကို ပိုမိုသုံးစွဲလာကြပါတယ်။ အခုဆိုရင် တချို့သောငွေပေးချေမှုတွေကို ဒစ်ဂျစ်တယ်ငွေပေးချေမှုတစ်ခုဖြစ်တဲ့ မိုဘိုင်းဖုန်းအသုံးပြုပြီး ငွေချေတဲ့နည်းစနစ်တွေကို စတင်အသုံးပြုလာနေကြပြီဖြစ်ပါတယ်။''မြန်မာနိုင်ငံသားတွေဟာ ဒစ်ဂျစ်တယ်နဲ့ပတ်သက်တဲ့ ဖန်တီးမှုတွေ၊ ဝန်ဆောင်မှုတွေအတွက် ဖုန်းသုံးစွဲချိန်မြင့်လာသလို အဲဒီ Content တွေအတွက် ငွေပေးချေမှုတွေကိုလည်း ဒစ်ဂျစ်တယ်ငွေပေးချေမှုကတစ်ဆင့် ဆောင်ရွက်လာကြပါတယ်''လို့ Ongo ဒစ်ဂျစ်တယ်ငွေပေးချေမှုကွန်ရက်က စီအီးအို Mr. Allen Gilstrap က ပြောပါတယ်။
Ongo ဟာ မြန်မာနိုင်ငံမှာ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လိုင်စင်ရဘဏ်ဖြစ်တဲ့ မြန်မာအရှေ့တိုင်းဘဏ် (MOB) ရဲ့မိတ်ဖက်ကုမ္ပဏီဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေပေးချေစနစ်ကို ဝန်ဆောင်မှုပေးနေတဲ့ Ronoc မြန်မာလီမိတက်ရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်းက ကိုယ်စားလှယ်ပေါင်း ၅၅ ဦးဆီမှာလည်း ငွေသားအဖြစ် ထုတ်ယူခြင်းကို ဆောင်ရွက်နိုင်ပါတယ်။မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မြန်မာအစိုးရက ဈေးကွက်ဖြေလျှော့ပေးတာတွေနဲ့ ကျန်ရှိနေတဲ့ အဟန့်အတားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်အတွက် ရည်မှန်းချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၉ဝ ရာခိုင်နှုန်းကျော်ထက်ပိုပြီး ဖုန်းအသုံးပြုမှု လွှမ်းခြုံနိုင်ဖို့နဲ့ ၈၅ ရာခိုင်နှုန်းကျော် အင်တာနက် အသုံးပြုနိုင်ဖို့၊ ၅ဝ ရာခိုင်နှုန်းကျော် မြန်နှုန်းမြင့် အင်တာနက်ရရှိဖို့ မျှော်မှန်းထားပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ MPT၊ Telenor၊ Ooredoo နဲ့ MyTel အော်ပရေတာလေးခုအနက်က ကြိုက်နှစ်သက်ရာ အော်ပရေတာကို ရွေးချယ်အသုံးပြုနိုင်ပြီဖြစ်တဲ့အပြင် မြို့ကြီးတွေမှာလည်း ကြိုက်နှစ်သက်ရာ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုတွေကို ရွေးချယ်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒစ်ဂျစ်တယ်ခေတ်ကို ဖြတ်သန်းနေတဲ့အချိန်မှာ မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်အသုံးပြုသူတွေအနေနဲ့ ဒစ်ဂျစ်တယ်နဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေနဲ့ လုံခြုံမှုပိုင်းဆိုင်ရာတွေကို ပိုမိုသိရှိဖို့ လိုအပ်လာပါတယ်။
''မြန်မာလူမျိုးတွေရဲ့ ဒစ်ဂျစ်တယ်နဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတ တိုးတက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စမတ်ဖုန်းတွေနဲ့ သိရှိလိုတဲ့အကြောင်းအရာရှာဖွေမှုတွေ၊ ဗီဒီယိုတွေ ကြည့်တာတွေ၊ သူငယ်ချင်းတွေနဲ့ စာပို့ဆက်သွယ်မှုတွေအတွက် နေရာတိုင်းမှာ အသုံးပြုလာကြပါတယ်။ အမျိုးသားအဆင့် တိုးတက်မှုမျိုးဖြစ်ပြီး အွန်လိုင်းငွေပေးချေမှုအပြင် စတိုးဆိုင်တွေမှာ ပေးချေမှုတွေပါဝင်တဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုမှာ ပိုမို အဆင်ပြေလွယ်ကူလာပါတယ်''လို့ Mr. Allen Gilstrap က ပြောပါတယ်။ဒါ့ပြင် အမရာဆက်သွယ်ရေးကုမ္ပဏီလီမိတက်ရဲ့ စီအီးအိုဖြစ်သူ Mr. Alan Sinfield က မြန်မာနိုင်ငံက သုံးစွဲတဲ့သူတွေအနေနဲ့ အင်တာနက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီတွေနဲ့ လက်တွဲ အသုံးပြုဖို့ အကြံပေးထားပါတယ်။
အမရာဆက်သွယ်ရေးကုမ္ပဏီလီမိတက်က မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး အနန္တဝန်ဆောင်မှု၊ တစ်ဦးချင်းနဲ့ လုပ်ငန်းအစုအဖွဲ့လိုက် 4G+ ဒေတာဝန်ဆောင်မှုတွေကို လုပ်ကိုင်နေပါတယ်။ မြန်မာနိုင်ငံမှာ ငွေသားစက္ကူတွေအစား အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်ကို သုံးစွဲဖို့ ဆောင်ရွက်လာခဲ့တာဟာ ခြောက်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းဘဏ်လုပ်ငန်းတွေဟာ ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုနဲ့ ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက Myanmar Payment Union MPU အမည်ရှိ ကတ်စနစ်နဲ့ငွေပေးချေနိုင်ဖို့အတွက် စတင်ဆောင်ရွက်လာခဲ့ကြပါတယ်။အခုဆိုရင် ဘဏ်အသီးသီးက ထုတ်ဝေထားတဲ့ MPU ကတ်တွေအပြင် မိုဘိုင်းဖုန်းတွေကတစ်ဆင့် ငွေပေးချေနိုင်တဲ့ မိုဘိုင်းဘဏ်လုပ်ငန်း အက်ပလီကေးရှင်းတွေ၊ မိုဘိုင်းပိုက်ဆံအိတ်လို့ ခေါ်ဆိုနိုင်တဲ့ Mobile Wallet တွေအထိ တိုးတက်လာခဲ့ပါတယ်။ ဘဏ်တွေက ထုတ်လုပ်ထားတဲ့ CB Pay၊ KBZ Pay၊ AGD Pay၊ MAB Mobile ဘဏ်နဲ့ Ongo မိုဘိုင်းအက်ပလီကေးရှင်းတွေက ငွေပေးချေမှုတွေအတွက် ထိရောက်တဲ့ ဝန်ဆောင်မှုတွေကို ပေးလာနိုင်နေပြီဖြစ်ပါတယ်။
အလားတူ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ချိတ်ဆက်ထားတဲ့ Wave Money၊ အမ်ပိုက်ဆံ (MPitesan) နဲ့ အော်ပရေတာတွေနဲ့ ချိတ်ဆက်ထားခြင်းမရှိတဲ့ အိုကေဒေါ်လာ စတဲ့ မိုဘိုင်းဝန်ဆောင်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ် ကျယ်ပြန့်ထွန်းကားမှုက အားနည်းနေဆဲဖြစ်နေပါတယ်။''ဒစ်ဂျစ်တယ် ငွေပေးချေမှုက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းကော သုံးစွဲသူပါ တဖြည်းဖြည်းနဲ့ ကြီးထွားလာနေပါတယ်။ ၃၅ သန်းလောက်ရှိတဲ့ ပြည်သူတွေဟာ စမတ်ဖုန်းကို အသုံးပြုနေကြပြီး လုပ်ဆောင်နိုင်မှုတွေဟာလည်း ပိုလာပါတယ်။ သုံးစွဲသူတွေဟာလည်း စမတ်ကျလာပြီးတော့ ပိုမိုအဆင်ပြေလာတာကို တွေ့ရပါတယ်''လို့ စီအီးအိုဖြစ်သူ Mr. Alan Sinfield က ပြောပါတယ်။
''မြန်မာလူမျိုးတွေအနေနဲ့ emoney ကို ပိုမိုအားပြုအသုံးပြုလေ စီးပွားရေးလုပ်ငန်းတွေသာမက အသုံးပြုသူတွေအတွက်ပါလည်း ပိုမိုအသုံးပြုရ အဆင်ပြေလာမှာ ဖြစ်ပါတယ်''လို့ ၎င်းက ပြောပါတယ်။ဒစ်ဂျစ်တယ်ခေတ်မှာ ပိုမိုကျယ်ပြန့်လာမယ့် မိုဘိုင်းဖုန်းအခြေပြု အသုံးပြုမှုနဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုမှာ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ဒစ်ဂျစ်တယ်နဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတနဲ့ လုံခြုံမှုပိုင်းဆိုင်ရာတွေကို ပိုမိုလိုအပ်လာကြောင်း နည်းပညာရှင်တချို့ကလည်း အကြံပြုပြောကြားမှုများလည်း ရှိပါတယ်။
Myanmar Time