ကုမ္ပဏီကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း မပြုခင် ပြန်လည်ထိန်းသိမ်းခြင်းအတွက် အခကြေးငွေ


16 August, 2018

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၄၆၂ (က) အရ အပ်နှင်းထားသည့် အာဏာများကို ကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကသည်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သော တည်ဆဲကုမ္ပဏီ သို့မဟုတ် အဖွဲအစည်းများကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းမပြုမီ ပြန်လည်ထိန်းသိမ်းခြင်းအတွက် အခကြေးငွေဆိုသည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ပြန်လည်မှတ်ပုံတင်ရန် ကာလအတွင်း အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သော တည်ဆဲကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုခသည် ပျက်ကွက်ရခြင်းအတွက် ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြလာပါက မှတ်ပုံတင်စာရင်းမှ ယင်း၏ အမည်ကို ပယ်ဖျက်ခြင်းမပြုမီ ပြန်လည်ထိန်းသိမ်းနိုင်ပြီး ထိုသို့ ပြန်လည်ထိန်းသိမ်းခြင်းအတွက် အခကြေးငွေများကို အောက်ပါအတိုင်း ပေးဆောင်ရမည်။

(က) အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီများအတွက် ပြန်လည်ထိန်းသိမ်းခြင်းဆောင်ရွက်မှုတစ်ခုလျှင် ၂၅၀,၀၀၀ ကျပ်။

(ခ) အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများအတွက် ပြန်လည်ထိန်းသိမ်းခြင်း ဆောင်ရွက်မှုတစ်ခုလျှင် ၂,၅၀၀,၀၀၀ ကျပ်။

(ဂ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်သည့် အသင်းအဖွဲ့များအတွက် ပြန်လည်ထိန်းသိမ်းခြင်း ဆောင်ရွက်မှုတစ်ခုလျှင် ၁၀၀,၀၀၀ ကျပ်။

(ဃ) ၁၉၅၀ ပြည့်နှစ်အထူးကုမ္ပဏီများ အက်ဥပဒေအရ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီများအတွက် ပြန်လည်ထိန်းသိမ်းခြင်း ဆောင်ရွက်မှုတစ်ခုလျှင် ၂၅၀,၀၀၀ ကျပ်။

(င) ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီများ အက်ဥပဒေအရ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများအတွက် ပြန်လည်ထိန်းသိမ်းခြင်း ဆောင်ရွက်မှုတစ်ခုလျှင် ၂,၅၀၀,၀၀၀ ကျပ်။

(စ) ပြည်ပကော်ပိုရေးရှင်းများအတွက် ပြန်လည်ထိန်းသိမ်းခြင်း ဆောင်ရွက်မှုတစ်ခုလျှင် ၂၅၀,၀၀၀ ကျပ်။

၂။ ဤအမိန့်ကြော်ငြာစာသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။

Local News Read 452 times