ပဲခူးမြို့နယ် အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန်အကောင်အထည်ဖော် တည်ဆောက်ဖို့ Myanmar Zhejiang Chamber of Commerce မှ Mr. Tu Guo Ding ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပဲခူးတိုင်းအစိုးရအဖွဲ့ထံ မတ် ၁၁ ရက်မှာ လာရောက်တွေ့ဆုံတင်ပြခဲ့ပါတယ်။
Myanmar Zhejiang Chamber of Commerce ဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းပေါင်း ( ၁၄ ) ခုအား လုပ်ကိုင်လျက်ရှိပါတယ်။ အဆိုပါစက်မှုဇုန်တည်ထောင်ခြင်းအားဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှု စက်ရုံပေါင်း (၁၀၀ ) ကျော်ဝင်ရောက်လာမည်ဖြစ်ပြီး ဒေသခံပြည်သူ တစ်သိန်းကျော်နဲ့ အခြားဝန်ဆောင်မှုများအတွက် လူဦးရေလေးသိန်းကျော် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။
လုပ်ငန်းစီမံချက်များတင်ပြရာတွင် စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲ၍ တင်ပြပေးရန်၊ အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့် လမ်း၊ လျှပ်စစ်မီး၊ ရေရရှိရေးတို့နှင့် ပတ်သက်၍လည်း အသေးစိတ်ပြန်လည် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက တင်ပြဆွေးနွေးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်များတည်ဆောက်ရန်၂၀၁၈ နိုင်ဝင်ဘာက Sun Myanmar Group Companies မှ ဟောင်ကောင်လုပ်ငန်းရှင် တစ်ဦးနဲ့ ပူးတွဲကာ ဆောက်လုပ်ရန် တိုင်းအစိုးရထံကမ်းလှမ်းခဲ့သလို အောက်တိုဘာလအတွင်းကလည်း အမေရိကန်အခြေစိုက် MDS InvestmentLLC ကုမ္ပဏီကပါကမ်းလှမ်းခဲ့ပါတယ်။ လာရောက်ကမ်းလှမ်းမှုအမြောက်အများရှိနေပေမယ့်လည်း ထိုကမ်းလှမ်းမှုများဟာ တင်ပြချက်စီမံကိန်းသာရှိသေးပြီး အကောင်အထည်ဖော်မှုမရှိသေးပါဟု တိုင်းအစိုးရဝန်ကြီး ဦးညွှန့်ရွှေက ပြောပါတယ်။
Bago Region Government
Myanmar Industry Directory