မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပူးပေါင်းဖော်ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဂျပန်နိုင်ငံတွင် ဆွေးနွေးခဲ့ကြောင်းသိရပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပူးပေါင်းဖော်ဆောင်ရန် ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ လွှတ်တော်အဆောက်အဦ၌ ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ့ ၏ ဥက္ကဌ Mr. Aisawa Ichiro နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထိုတွေ့ ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ် Mr. Kozo Yamamoto၊ မြန်မာ့အရေးစိတ်ဝင်စား သည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ Japan Heart အဖွဲ့တည်ထောင်သူ Dr. Hideto Yoshioka နှင့် Japan Heart မြန်မာရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန၊ ဝန်ကြီးဟောင်းဖြစ်သူ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ အမှုဆောင် ကောင်စီဥက္ကဌ Mr. Katsunobuနှင့် ယင်းပါတီ ဌာနချုပ်၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေး၊ သက်ကြီး ရွယ်အို ပြုစုစောင့်ရှောက် မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ပညာရှင်များလေ့ကျင့်သင်ကြားပေးရေး ကိစ္စရပ်များတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင် မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Tsukuba School for the Blind သို့ သွားရောက်၍ အမြင်အာရုံဆုံးရှုံးသူများနှင့် ချို့တဲ့သူများအတွက် အသက်မွေးဝမ်း ကြောင်း ပညာရပ်များလေ့ကျင့်သင်ကြားပေးနေမှုများအား သွားရောက်လေ့လာခဲ့ပြီး ယင်းကျောင်းတွင် မြန်မာနိုင်ငံမှ လာရောက်ပညာသင်ကြားနေကြသော သင်တန်းသားများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ ကျန်းမာရေးအလုပ်သမားနှင့် လူမှုဝန် ထမ်းဝန်ကြီးဌာန၊ ဝန်ကြီး Mr.Katsunobu နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများအတွက် မူဝါဒများ၊ ဥပဒေများ၊ နည်း ဥပဒေများဖြင့် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးမှုများအား လေ့လာ၍ မြန်မာနိုင်ငံ နှင့်ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Japan Air Lines (JAL)၌ မသန်စွမ်းသူ များအား အလုပ်ခန့်ထား၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေမှုများကို သွားရောက် လေ့လာခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုများတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။