နိုင်ငံခြားငွေ အရန်ငွေ ထားရှိမှုများတွင် အမေရိကန်ဒေါ်လာ ကြီးစိုးမှု ကျဆင်းလာ


28 March, 2022

နိုင်ငံခြားငွေ အရန်ငွေ ထားရှိမှုများတွင် အမေရိကန်ဒေါ်လာ ကြီးစိုးမှု ကျဆင်းလာ

အမေရိကန်ဒေါ်လာကို နိုင်ငံခြားငွေ အရန်ငွေအဖြစ် ထားရှိခြင်းများသည် ပြီးခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်အတွင်း ဆက်တိုက်ကျဆင်းလာခဲ့သည်။ အစဉ်အလာမဟုတ်သော ငွေကြေးများကို အရန်ငွေအဖြစ် ထားရှိလာကြသည်။ ငွေကြေးတစ်မျိုးတည်းကို အရန်ငွေ ထားရှိခြင်းအစား ငွေကြေးအမျိုးမျိုးဖြင့် ထားရှိကြရာ တရုတ်ယွမ် (renminbi) သည် အရန်ငွေ ထားရှိမှုများတွင် နေရာပိုရလာခဲ့သည်။

အရန်ငွေ ထားရှိရေးကို စီမံကြသူများက အမေရိကန်ဒေါ်လာအစား အခြားငွေကြေးဖြင့် အရန်ငွေ ထားရှိကြရာတွင် အရွေ့အပြောင်း လားရာ ၂ မျိုး တွေ့ရသည်။ လေးပုံတစ်ပုံ ဝန်းကျင်သည် တရုတ်ယွမ်သို့ ဦးတည်သည်။ ကျန်သည့် လေးပုံ သုံးပုံသည် နိုင်ငံငယ်များ၏ ငွေကြေးများသို့ ဦးတည်ထားသည်။ ထိုငွေကြေးများသည် အစဉ်အလာအားဖြင့် အရန်ငွေပိုင်ဆိုင်မှုတွင် အရေးမပါလှသောကဏ္ဍ အဖြစ်သာ ပါဝင်ကြသည့် ငွေကြေးများ ဖြစ်ခဲ့ရာမှ အရေးတယူပြုကြခြင်းကို ခံယူရရှိလာကြခြင်း ဖြစ်သည်။

 

 

ထိုတွေ့ရှိချက်များကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေ International Monetary Fund (IMF) မှ ၂၀၂၂ မတ်လ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ဝေလိုက်သည့် “The Stealth Erosion of Dollar Dominance: Active Diversifiers and the Rise of Nontraditional Reserve Currencies.” ဟု ခေါင်းစဉ်တပ်ထားသော စာတမ်းအသစ်တွင် ဖော်ပြထားသည်။ 

IMF မှ Serkan Arslanalp နှင့် Chima Simpson-Bell ၊ University of California Berkeley မှ Barry Eichengreen တို့ ပူးပေါင်း လုပ်ဆောင်ထားသည့် စာတမ်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀ နှစ်အတွင်း  နိုင်ငံတကာ အရန်ရန်ပုံငွေစနစ် အဆင့်ဆင့်ပြောင်းလဲခဲ့ရာတွင် အမေရိကန်ဒေါ်လာမှ ဝေးရာဆီသို့ တဖြည်းဖြည်းရွေ့ခဲ့သည်။ အရွေ့လားရာ ၂ မျိုးအရ တရုတ်ယွမ် နေရာအချို့ ရရှိသည်။ အရန်ရန်ပုံငွေများတွင် အနည်းဆုံး ၅ % နေရာရထားသည်။
 IMF စာတမ်းအရ ဩစတြေးလျဒေါ်လာ၊ ကနေဒါဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ကိုရီးယားဝမ်နှင့် ဆွီဒင်ခရိုနာတို့အပါအဝင် အချို့ငွေကြေးများဆီသို့လည်း ရွှေ့ပြောင်းသည်။

Asia နိုင်ငံအချို့တို့ ကမ္ဘာ့ကုန်သွယ်ရေးတွင် ဝေစု လျင်မြန်စွာ တိုးလာခဲ့သည်။ ပမာဏအရ အာရှဒေသသည် အခြားဒေသများထက် ဆက်လက်၍ ပိုများနေမည်။ 
တရုတ်သည် ယွမ်ကို နိုင်ငံတကာ သုံးငွေ ဖြစ်လာစေရေးအတွက် နှစ်ကာလရှည်ကြာ ကြိုးပမ်းခဲ့ရာ SWIFT (Society for Worldwide Interbank Financial Telecommunication)  မှ ထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာ့ ငွေပေးငွေယူပြုခြင်းများတွင် တွင်တွင်ကျယ်ကျယ် အဖြစ်ဆုံး ငွေကြေးများတွင် ပဉ္စမနေရာ အဆင့်ကို ရရှိထားသည်။

 

ကမ္ဘာ့ကုန်သွယ်ရေးတွင် ပမာဏ အများဆုံး ထိပ်တန်း ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံသည် ထိပ်ဆုံး နံပါတ်(၁) နေရာတွင် ရှိနေပါသော်လည်း ယွမ်စီးဆင်းမှု အဝင်အထွက်များကို တရုတ်အစိုးရက ချုပ်ကုိင်ထားခြင်းနှင့် အနီးကပ် မျက်ခြည်မပြတ် စောင့်ကြည့်နေခြင်းတို့က ကမ္ဘာ့ကုန်သွယ်ရေး ငွေပေးငွေယူပြုကြခြင်းများတွင် တရုတ်ယွမ် တွင်ကျယ်ဖို့ကိုအဟန့်အတား ပြုနေဆဲ ဖြစ်သည်။
SWIFT မှ ထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာ့ကုန်သွယ်ရေးတွင် ဒေသများအကြား ပေးချေသည့် ငွေကြေးအမျိုးမျိုးတွင် အမေရိကန်ဒေါ်လာ သည် ၇၉.၅% ရှိပြီး ပထမနေရာတွင် ရှိနေသည်။ ဒုတိယနေရာတွင် ၅.၈%  ဖြင့် ယူရို ရှိနေသည်။ ဂျပန်ယန်းက တတိယ၊  ဗြိတိသျှ ပေါင်ကစတုတ္ထ နေရာများတွင် ရှိနေကြသည်။ တရုတ်ယွမ်က ပဉ္စမနေရာတွင် ရှိပါသည်။

Banking & Loan Read 7680 times