ပို့ကုန်တင်ပို့မှု ကျဆင်းမှုသည်အောက်တိုဘာလတွင် ပိုမိုပြင်းထန်လာ


03 December, 2020

ထိုင်းပို့ကုန်တင်ပို့မှုများသည် အောက်တိုဘာလတွင် ပိုမိုကျဆင်းလာပါသည်။ စက်တင်ဘာလတွင် နှစ်အလိုက်၌ (၃.၉%) ကျဆင်းခဲ့ပြီးနောက် ယခင်နှစ် ကာလတူ ကထက် (၆.၇၁%) ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ၌ အကောက်ခွန်ရှင်းလင်းပြီး ပြည်ပပို့ကုန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၁၉.၃၈) ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ (၁၄.၃၂%) ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ (၁၇.၃၃) ဘီလီယံရှိခဲ့ကြောင်းနှင့် ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂.၀၄) ဘီလီယံရရှိခဲ့ကြောင်း (၂၃.၁၁.၂၀၂၀ရက်နေ့) တွင် အစီရင်ခံတင်ပြခဲ့ပါသည်။

ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာဌာနရုံး ညွှန်ကြားရေးမှူးချုပ် Pimchanok Vonkorpon က ပို့ကုန်တင်ပို့မှု ကျယ်ပြန့်စွာ ကျဆင်းနေသော်လည်း ပို့ကုန်တန်ဖိုးမှာ အောက်တိုဘာလ၌ ဈေးကွက်အများအပြားတွင် တိုးတက်မှုရှိခဲ့ကြောင်း၊ စီးပွားရေးအပေါ် လှုံ့ဆော်မှုအစီအမံများနှင့် ကုန်သွယ်ဖက်နိုင်ငံများ၌ တားဆီးပိတ်ဆို့မှုများ အပေါ်

 

ဖြေလျော့ဆောင်ရွက်ပေးခဲ့ပြီးနောက် ၎င်းတို့၏ ရိုက်ခတ်မှုကြောင့် ဝယ်လိုအား တဖြေးဖြေးတိုးတက်နာလန်ထူလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ကမ္ဘာ့စီးပွားရေးအရှိန်အဟုန်နှင့် လိုက်လျောညီထွေမှုရှိပြီး ပြန်လည်နာလန်ထူလာမှုကိုပြသသည့် နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သူမကပြောကြား ခဲ့ပါသည်။

 

အဓိက ဈေးကွက်များသို့ ပို့ကုန်တင်ပို့မှုမှာ (၄.၈%) တိုးချဲ့လာနိုင်ခဲ့ကြောင်း၊ အမေရိကန် ဈေးကွက်က ဉီးဆောင်လျက်ရှိကြောင်း၊ ၎င်းမှာ ယခင်နှစ်အောက်တိုဘာလ မှစတင်၍ (၁၇.၀%) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ တောင်အာရှဈေးကွက်သို့ တင်ပို့မှုအနေဖြင့် (၁၅.၆%) တိုးတက်လာခဲ့ပြီး၊ ဩစတြေးလျနှင့် လက်တင် အမေရိကဈေးကွက်များသို့ တင်ပို့မှုများမှာလည်း (၄.၂%) နှင့် (၁၂.၉%) အသီးသီးတိုးတက်ခဲ့ကြောင်းသိရှိရပါသည်။

 

အစီရင်ခံစာအရ စိုက်ပျိုးရေးနှင့် လယ်ယာစက်မှုထုတ်ကုန်တင်ပို့မှုမှာ အောက်တိုဘာလတွင် (၈.၈%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၃.၁၄) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းတွင် သကြားတင်ပို့မှုမှာ (-၇၅%) ကျဆင်းမှုဖြင့် ဉီးဆောင်နေခဲ့ပြီး၊ ဆန် (-၂၀.၁%)၊ ပီလောပီနံထုတ်ကုန် (-၁၂.၄%)၊ စည်သွပ်နှင့်ပြုပြင်ပြီး ပင်လယ်စာတင်ပို့မှု (၃%)၊ အေးခဲနှင့်ပြုပြင်ပြီး ကြက်သားတင်ပို့မှု (-၁.၅%) တို့ဖြင့် အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

သို့ရာတွင် အချို့သောထုတ်ကုန်များမှာ ကောင်းမွန်စွာတိုးတက်လျက်ရှိနေကြောင်း၊ ဉပမာအားဖြင့်ဆိုပါက စားအုံးဆီ (+၁၈၃.၀%)၊ တိရစ္တာန်အစာ (+၁၇.၄%)၊ ရာဘာထုတ်ကုန် (+၁၃.၁%)၊ ရာသီအလိုက်အစားအစာ (+၁၀.၆%)၊ လတ်ဆတ်၊အေးခဲနှင့် ပြုပြင်ထားသော ဟင်းသီးဟင်းရွက်တင်ပိုမှု (+၆.၉%) တို့ဖြစ်ပါသည်။

 

စက်မှုထုတ်ကုန်တင်ပို့မှုအနေဖြင့် အောက်တိုဘာလတွင် (၄.၇%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၅.၈) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းတွင် ရွှေ (-၂၇.၁%) ဖြင့် ဉီးဆောင်လျက်ရှိပြီး၊ ဆက်စပ်ရေနံထွက်ပစ္စည်း (-၁၉.၈%)၊ အလှကုန်ပစ္စည်း၊ ဆပ်ပြာနှင့် အသားအရေပြုပြင်သည့်ထုတ်ကုန်များ (-၁၃.၂%) နှင့် မော်တော်ကားနှင့် ပစ္စည်းအစိတ်အပိုင်းများ (-၁၂.၆% )တို့ဖြစ်ကြပါသည်။

 

အချို့သောထုတ်ကုန်များမှာ ကောင်းစွာတိုးတက်လျက်ရှိကြောင်း၊ စီမီးကွန်ဒက်တာများ ထရန်စစ္စတာများနှင့် ဒိုင်အုတ်များ (+၂၅.၇%)၊ ပရိဘောဂများနှင့် အစိတ် အပိုင်းများ (+၁၉.၅%)၊ ရာဘာထုတ်ကုန်များ (+၁၇.၆%)၊ ကွန်ပျူတာနှင့် အစိတ်အပိုင်းများ၊ (+၄.၂%) ၊လေအေးပေးစက်နှင့် အစိတ်အပိုင်းများ (+၃.၈%) တို့ဖြစ်ကြပါသည်။

 

၂၀၂၀ ခုနှစ် ပထမ (၁၀) လတွင် ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုသည် (၇.၂၆%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၉၂.၃၇) ဘီလီယံရရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်း မှုမှာလည်း (၁၄.၆၁%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၆၉.၇၀) ဘီလီယံရရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂၂.၆၇) ဘီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။

 

ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုမှာ ပြန်လည်နာလန်ထူလာရေးလမ်းကြောင်းပေါ် ဆက်လက်ပြုလုပ်လျက်ရှိပြီး များစွာသောထုတ်ကုန်များမှာ ဈေးကွက်အများအပြား၌ ယှဉ်ပြိုင်နိုင်စွမ်းရှိနေကြောင်း သိရှိရပါသည်။

 

မိမိတို့အနေဖြင့် ပြည်ပပို့ကုန်တင်ပို့မှုကို ကျန်ရှိသော (၂) လတွင် တစ်လလျှင် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ (၁၈.၃၂၉) ဘီလီယံရရှိခဲ့မည်ဆိုပါက ယခုနှစ် အတွက် စုစုပေါင်းပြည်ပတင်ပို့မှုအနေဖြင့် (၇%) သာ ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း သူမကပြောကြားခဲ့ပါသည်။ အကယ်၍ ပို့ကုန်တင်ပို့မှုများအနေဖြင့် တစ်လလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၁၉) ဘီလီယံရရှိမည်ဆိုပါက

 

စုစုပေါင်းပို့ကုန်တင်ပို့မှုကျဆင်းမှုမှာ ယခုနှစ်အတွက် (၇%) အောက်တွင်သာရှိလိမ့်မည်မှာ သေခြာကြောင်း သူမကပြောကြားခဲ့ပါသည်။ သူမက ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် ဒုတိယလှိုင်းဖြစ်ပွားမှုကြောင့် ပိတ်ဆို့မှုအစီအမံများ ပြန်လည်ပြုလုပ်ခြင်း၊ နယ်စပ်ကုန်သွယ်မှု နှေးကွေးနေခြင်းနှင့် ဘတ်ငွေတန်ဖိုးတက်နေခြင်းတို့မှာ ဆက်လက်၍ အန္တရာယ်များအဖြစ် ရှိနေဆဲဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

 

MYANTRADE

Export, Import Read 2293 times