မြန်မာနိုင်ငံအပေါ် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှု


03 October, 2018

အမေရိကန်နှင့် တရုတ်ကြား အပြန်အလှန်သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ခံနေကြသည့် ကုန်သွယ်ရေးစစ်ပွဲအတွင်း အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးမှာတော့ အမြတ်ထွက်နိုင်သည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းထားပါသည်။

တရုတ်နိုင်ငံတွင်းက စက်မှုလုပ်ငန်းများ ရွှေ့လာနိုင်သကဲ့သို့ ဈေးတက်လာမည့် အမေရိကန် ကုန်ပစ္စည်းများနေရာတွင် အစားထိုးတင်ပို့နိုင်လျှင် အကျိုးရှိနိုင်မည်ဟု စီးပွားရေးအဝန်းအဝိုင်းကလည်း ခန့်မှန်းနေကြပါသည်။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိ အခင်းအကျင်းအရတော့ အမြတ်ထွက်နိုင်သည့် အလားအလာနည်းပါးသည်ဟုလည်း သုံးသပ်ကြပါသည်။

အမြတ်ထွက်နိုင်
***********
အမေရိကန်ဘက်က တရုတ်သွင်းကုန်များအပေါ် အခွန်တိုးကောက်ပြီး တရုတ်ဘက်ကလည်း လက်တုံ့ပြန်နေသည့် အမေရိကန် တရုတ်ကုန်သွယ်ရေး စစ်ပွဲကြောင့် လာမည့်နှစ်တွင် တရုတ်၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP ကျသွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB ကခန့်မှန်းချက်တွင် ဖော်ပြထားပါသည်။ သို့သော် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အရှေ့တောင်အာရှ အာဆီယံနိုင်ငံများ အမြတ်ထွက်နိုင်သည်ဟု ADB ၏ အကြီးတန်း စီးပွားရေး ပညာရှင် Joseph Zveglich က ပြောပါသည်။

"တဖက်မှာလည်း ဒီကုန်သွယ်ရေးစစ်ပွဲကြောင့် ဒေသတွင်းက နိုင်ငံတချို့အတွက်တော့ တမျိုးတဖုံ ဖြစ်နိုင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ အာဆီယံစီးပွားရေးမှာတော့ အမြတ်ထွက်နိုင်ပါတယ် "လို့ ပြောဆိုသွားပါသည်။

အခင်းအကျင်းမကောင်း
**************
တရုတ်နှင့် အမေရိကန်ကြား အပြန်အလှန်သွင်းကုန်များအပေါ် အခွန်တိုးကောက်လိုက်ခြင်းကြောင့် နှစ်နိုင်ငံပို့ကုန်များ ဈေးကြီးသွားစေပါသည်။ တရုတ်အနေဖြင့် နိုင်ငံတွင်းက ကုန်ထုတ်လုပ်ငန်းများကို တခြားနိုင်ငံများသို့ ပြောင်းရွှေ့ထုတ်လုပ်လာနိုင်သည်ဟု ခန့်မှန်းထားကြသော်လည်း မြန်မာနိုင်ငံကို ရောက်လာနိုင်သည့် အလားအလာက ဘယ်လောက် ရှိပါသလဲ။ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကတော့ လက်ရှိ မြန်မာနိုင်ငံ အခင်းအကျင်းက မကောင်းသေးဘူးဟု သုံးသပ်ပါသည်။

“စက်ရုံငှားခက ဈေးသိပ်မသက်သာဘူး။ လမ်းပန်းဆက်သွယ်ရေး လမ်းမကောင်းဘူး။ နောက်အလုပ်သမား ဆန္ဒပြမှု ပြဿနာပေါ့။ ဒါတွေလည်း ရှိနေတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတောင်မှ အထည်ချုပ်စက်ရုံ ပိတ်ပစ်လိုက်တာ ကြားတယ်ပေါ့နော်။ အဲလိုဆိုတော့ ကျနေ်ာတို့ဆီမှာတော့ လက်ရှိ ရှိနေတာပေါ့နော်။ လက်ရှိ အခင်းအကျင်း မကောင်းဘူးပေါ့။ အခင်းအကျင်းကောင်းမယ် အခြေခံအဆောက်အဦကောင်းရင်တော့ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတာပေါ့။ ”

အခွင့်အလမ်း
********
လက်ရှိတွင် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာကျပ်ငွေ ဈေးကျသွားခြင်းက တိုက်ရိုက်သက်ရောက်မှု ဖြစ်သည်ဟု ၎င်းကသုံးသပ်ပါသည်။ မြန်မာ့လယ်ယာထွက်ကုန်အများစု တင်ပို့နေသော တရုတ်နိုင်ငံတွင် အခက်တွေ့လာသည့် အခြေအနေကြောင့် မြန်မာအပေါ်မှာ သက်ရောက်မှုရှိနေသော်လည်း အခွင့်အလမ်းလည်း ရှိပါသည်ဟု ဒေါက်တာ စိုးထွန်းက ပြောပါသည်။

“ မြန်မာပြည်ရဲ့ ပို့ကုန်ကလည်း နယ်စပ်ကတဆင့် လယ်ယာထွက်ကုန်တွေပေါ့နော် ဆန်စပါးဆိုလည်း ၆၀ ရာခိုင်နှုန်းကျော်လောက်ပေါ့နော် တရုတ်ကို ပို့ရတာပေါ့။ တရုတ် စီးပွားရေးမကောင်းတာနဲ့ ကျနော်တို့လည်း ဝယ်လိုအားကျလာနိုင်တာတော့ စဉ်းစားရမှာပေါ့။ တဖက်မှာလည်း ကျနော်တို့က တရုတ် ယွမ်ငွေရရင် ကျနော်တို့က ဒေါ်လာလဲပြီး ပြန်သွင်းရတာဆိုတော့ Exchange Rate ငွေလဲလှယ်နှုန်းမှာတင် ကျနော်တို့အတွက် နစ်နာမှု ဖြစ်တယ်။ ယွမ်ကနေ ဒေါ်လာပြန်လဲရင် တန်ဖိုးကျတယ်ပေါ့နော်။ ဗမာငွေကလည်း တခါပြန်ပြီး ကျတာမျိုး ရှိတယ်။ ကျနော်တို့ဘက်က လက်ရှိမှာတော့ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ ခံရတာက များတယ်။ နောက်တချက် ကျနော်တို့ လုပ်သင့်တာကဗျာ နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ကို ပို့နိုင်လို့ရှိရင် တချို့ကုန်ပစ္စည်းတွေ ပဲပိစပ်လိုဟာမျိုး အမေရိကန်ကအကုန်တက်သွားရင် Transit Trade တို့ Export တို့ ဒါတွေ ခွင့်ပြုနိုင်ရင်တော့ ကိုယ့်အတွက် ကျန်နိုင်တာပေါ့။ ”

မြန်မာငွေဈေးကျဆင်းသည့် အခြေအနေက ယခုအချိန်တွင် ဒေါ်လာရောင်းဝယ်တချို့ကို ဖမ်းဆီးသည့် သတင်းထွက်လာပြီးနောက် အနည်းငယ်ပြန်ပြီး တည်ငြိမ်လာသည့် အနေအထားရှိပါသည်။

VOA

Global News Investment/Divestment Read 1154 times