ပြည်တွင်းစီးပွားရေး၏ အရေးပါသည့် ကဏ္ဍ (၈) ရပ်အပေါ် ဆွေးနွေးသုံးသပ်ချက်များ


15 August, 2018

B4B Insights Forum ကို မတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ UMFCCI တွင် ပထမအကြိမ် ကျင်းပခဲ့ပြီးသည့်နောက်တွင်ယခုအခါ ဒုတိယအကြိမ်ကို သြဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ UMFCCI တွင် ကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။

ပထမအကြိမ် B4B Insights Forum ၏ စာတမ်းတွင် Business Sentiment Survey စစ်တမ်းကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များကို တင်ပြခြင်းနှင့် လုပ်ငန်းရှင်များ၏ ပကတိအခြေအနေကို တင်ပြဆွေးနွေးခြင်းဟူ၍ အပိုင်း (၂) ပိုင်းပါဝင်မည်ဖြစ်ပါသည်။ Business Sentiment Survey စစ်တမ်းကောက်ယူရာတွင် ကုန်သည်/စက်မှုအသင်းချုပ်၏ အသင်းသားလုပ်ငန်း ၁၄၆၄ ခုမှ ကောက်ခံရရှိသည့် အချက်အလက်များကို အခြေပြု၍ သုံးသပ်တင်ပြထားပါသည်။

ဖိုရမ်တွင် ပြည်တွင်းစီးပွားရေး၏ အရေးပါသည့် ကဏ္ဍ (၈) ရပ်အပေါ် ဆွေးနွေးခဲ့ကြရာ

(၁) ဘဏ်နှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ

နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန်ခက်ခဲခြင်း၊ ကုန်သွယ်မှုလုပ်ငန်းများအတွက် Demand ရှိသလောက် ဝန်ဆောင်မှုမပေးနိုင်ခြင်း၊ ချေးငွေလုပ်ငန်းစဉ်များ ရှုပ်ထွေးကြန့်ကြာခြင်းနှင့် ခက်ခဲခြင်းသည် စီးပွားရေးလုပ်ငးန်မာျးကို နှောင့်နှေးစေကြောင်းသုံးသပ်ရပါသည်။

(၂) လက်လီရောင်းချခြင်းလုပ်ငန်းကဏ္ဍ

ဥပဒေလိုက်နာသည့် လုပ်ငန်းများအပေါ် စည်းမျဉ်းကန့်သတ်ချက်များ ပိုမိုများပြားလာခြင်း၊ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုကြီးထွား၍ အရေးယူဆောင်ရွက်မှုအားနည်းခြင်းနှင့် E-Commerce လုပ်ငန်းများအတွက် ဥပဒေများ လိုအပ်နေခြင်းတို့ကြောင့် ပြည်တွင်းလုပ်ငန်းများ ပြည်ပနှင့် ယှဉ်ပြိုင်နိုင်သည့် အနေအထားရရှိရန် ဥပဒေစည်းမျဉ်းများကို ပြန်လည်သုံးသပ်စေလိုပါသည်။

(၃) ဆောက်လုပ်ရေးကဏ္ဍ

အိမ်၊ ခြံ၊ မြေဈေးများကို ထိန်းသိမ်းထားလို၍ တင်ဒါများ၊ ဆောက်လုပ်ခွင့်မာျးကို ပိတ်သိမ်းပြီး ပြန်လည်စိစစ်ခဲ့ပါသည်။ ထို့အပြင် အခြေခံအဆောက်အအုံ (Infrastructure) လိုအပ်ချက်ကြောင့် ရင်းနှီးမြှုပ်နှံသူများသည်လည်း မျှော်လင့်သလောက် ဝင်ရောက်လာခြင်းမရှိပါ။ အထပ်မြင့်ဆောက်လုပ်ခွင့်နှင့် လုပ်ငန်းခွင့်ပြုမိန့်များအတွက် ဌာနဆိုင်ရာလုပ်ငန်းစဉ် (Government Procedure) များလွန်းခြင်း၊ အစိုးရလုပ်ငန်းဌာနများ အချင်းချင်း လုပ်ငန်းစဉ်များ တစ်ခုနှင့်တစ်ခု ထပ်နေခြင်း၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် ယုံကြည်မှု အားနည်းခြင်းများသည် ဆောက်လုပ်ရေးလုပ်ငန်းများကို တိုက်ရိုက်ထိခိုက်ကြောင်း သုံးသပ်ရပါသည်။

(၄) ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်း ကဏ္ဍ

ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ပညာရေးနှင့် သင်ရိုးညွှန်းတန်းများ အားနည်းခြင်းတို့ကြောင့် တိုးတက်မှု နှေးကွေးနေပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများသည် အသိပညာ/အတတ်ပညာ အခြေပြုလုပ်ငန်းများ ဖြစ်သဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာကို မြှင့်တင်ပေးရန် လိုအပ်နေကြောင်း သုံးသပ်ရပါသည်။

(၅) စက်မှုလုပ်ငန်းများကဏ္ဍ

လုပ်သားအခြေပြု စက်မှုလုပ်ငန်းများ အလားအလာကောင်းသော်လည်း အလုပ်ရှင် အလုပ်သမားဆက်ဆံရေး အဆင်ပြေရန် လိုအပ်နေပါသည်။ တန်ဖိုးမြှင့် ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရန် လိုအပ်ချက်များမှာ (၁) သွင်းကုန်အစားထိုး စက်ရုံများတိုးတက်ရန်၊ (၂) Skills & Productivity မြှင့်တင်ရန်၊ (၃) တရားမဝင် ကုန်သွယ်မှုများပပျောက်ရန်၊ (၄) ပို့ကုန်တိုးမြှင့်ရန်အတွက် တိကျပြတ်သားသည့် မူဝါဒနှင့် ပို့ကုန်အထူးပြု မြှင့်တင်ရေးလုပ်ငန်းဌာန တစ်ခုရှိရန် လိုအပ်ပါသည်။ Withholding Tax, Finished Goods Import Duty, Raw Materials Import Duty နှင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် ထိန်းသိမ်းပြီး တိကျပြတ်သားသည့် မူဝါဒချမှတ်ရန် လိုအပ်နေကြောင်း သုံးသပ်ရပါသည်။

(၆) စိုက်ပျိုးရေးကဏ္ဍ

လုပ်ကိုင်ရရှိရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးတို့နှင့် ဆက်နွယ်နေသောကြောင့် ကျေးလက်ဘဏ်စနစ် ထွန်းကားအောင် ဖော်ဆောင်ရမည့်အပြင် Crop Insurance နှင့် Contract Farming များ ဖော်ဆောင်ပေးပြီး Sanitary & Phytosanitary လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးနည်းပညာနှင့် သုတေသနလုပ်ငန်းများကို အစိုးရမှ အားပေးထောက်ပံ့ပြီး လယ်ယာနှင့် စိုက်ပျိုးရေးဆိုင်ရာ ဥပဒေများကိုလည်း အမြန်ဆုံးထွက်ရှိအောင် ဆောင်ရွက်ရမည်ဟု သုံးသပ်ရပါသည်။

(၇) ကုန်သွယ်မှုကဏ္ဍ

ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းမာျးအတွက် အချိန်ကုန်၊ ငွေကုန်သက်သာပြီး ထိရောက်သည့် Infrastructures မလုံလောက်ခြင်း၊ Trade Financing အားနည်းခြင်းနှင့် တရားမဝင်ကုန်သွယ်မှုများကို မတားမြစ်နိုင်ခြင်းများသည် ကြီးများသော စိန်ခေါ်မှုများဖြစ်နေပြီး International/ ASEAN သဘောတူစာချုပ်များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ကုန်သွယ်မှု မူဝါဒတစ်ရပ် အလျှင်အမြန်လိုအပ်နေကြောင်း သုံးသပ်ရပါသည်။

(၈) အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းကဏ္ဍများ

ပုံမှန်တွေ့ရှိနေကျဖြစ်သည့် နည်းပညာနှင့် ငွေကြေးလိုအပ်ချက်အပြင် ဉာဏပစ္စည်း မူပိုင်ခွင့်မှတ်ပုံတင်ရန် အချိန်ကြာခြင်း၊ နည်းပညာနှင့် ဈေးကွက်ဖန်တီးရာတွင် အစိုးရမှ ပံ့ပိုးမှုအားနည်းခြင်းနှင့် အလုပ်ရှင်၊ အလုပ်သမား Ethic ရရှိရန်အတွက် အသိပညာ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ရပါသည်။

Industry Reviews Read 584 times