၂၀၁၉ ခုနှစ်မှာ စတင်ဖို့ တာစူနေတဲ့ Eco Green City စီမံကိန်း


14 February, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်က မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းကြီးလေးခုအနက်မှာ Eco Green City  စီမံကိန်းကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒုတိယမြောက် အကောင်အထည်ဖော်မယ့် စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ မျှော်မှန်းထားတယ်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြောခဲ့ပါတယ်။

အခုဖေဖော်ဝါရီ ပထမပတ်လောက်ကစပြီး စီမံကိန်းမြေနေရာအတွက် မြေယာပြုပြင်တာတွေ၊ အဓိကရုံးခန်းဆောက်လုပ်တာတွေ ဆောင်ရွက်နေပြီလို့  သတင်းထုတ်ပြန်ထားပါတယ်။ ဝန်ကြီးဌာနအနေနဲ့ကတော့  စီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ အပြင်ပတ်လမ်း အမြန်လမ်းမကြီးဘေးမှာ တည်ရှိနေတာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ဝင်ပေါက်နဲ့ မြန်မာနိုင်ငံအထက်ပိုင်းကို ချိတ်ဆက်ထားပါတယ်။ ဟံသာဝတီလေဆိပ်နဲ့ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ အမှတ် ၁၊ ၃၊ ၇ နဲ့ ရန်ကုန် ၊ မန္တလေး အမြန်လမ်းတို့ ဆုံမှတ်နေရာမှာ တည်ရှိပါတယ်။ ဒါ့ပြင် ဒီစီမံကိန်းဟာ လှည်းကူးမြို့နယ်မှာ မက်ဂါစီးတီးဖွံ့ဖြိုးမှုနဲ့ ရန်ကုန်မြို့မှာ ကြုံတွေ့လာရတဲ့ အလျားလိုက် ဖြန့်ကြက်လာမှုတွေကို မဟာဗျူဟာကျတဲ့ ဖြေရှင်းမှုတွေထဲက တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Alliance Star ကုမ္ပဏီတို့က စီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ စတင်နိုင်မယ်လို့ ရည်မှန်းထားပြီး ၂၀၂၉ ခုနှစ်မှာ ပြီးစီးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ Eco Green City စီမံကိန်းကို အပိုင်း သုံးပိုင်းခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်းအနေနဲ့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က ရေးဆွဲခဲ့တဲ့ ရန်ကုန်မြို့ ရည်မှန်းချက် ၂၀၄၀ မှာပါဝင်တဲ့ အနာဂတ် မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့၊ ဝင်ငွေနည်းပြည်သူတွေအတွက် လိုအပ်တဲ့ အငှားအိမ်ရာတွေ၊ တန်ဖိုးနည်းအိမ်ရာတွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိပြီး လူမှုဘဝမြင့်မားလာစေဖို့ စတဲ့ မျှော်မှန်းချက်ထားရှိပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

Eco Green City  စီမံကိန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့အဝင်မှာ တည်ရှိတာဖြစ်လို့ လုပ်ငန်းတွေအနေနဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဇန်နဝါရီလဆန်းပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။

Eco Green City  စီမံကိန်းကို ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့် သုံးစွဲသွားမှာဖြစ်ပါတယ်။ စီမံကိန်းအကောင် အထည်ဖော်နေစဉ်ကာလအတွင်းမှာ ဒေသခံပြည်သူတွေအတွက် ယာယီအလုပ် အကိုင်အခွင့်အလမ်း ငါးသောင်းခန့်နဲ့ စီမံကိန်းပြီးစီးပါက အမြဲတမ်းအလုပ်အကိုင် အခွင့်အလမ်း တစ်သောင်းခွဲခန့်ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

 

Local News Read 2177 times