စက်ရုံအများစု သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်အထိ ပေးမည်


08 March, 2019

နှစ်ကူးရုံးပိတ်ရက်တွင် စက်ရုံလုပ်သားများ နေရပ်မှာ အချိန်လုံလောက်စွာ နေထိုင်နိုင်ဖို့  စက်ရုံအများစုက သင်္ကြန်ရုံးပိတ်ရက်ကို ၁၀ ရက်အထိပေးဖို့ စီစဉ်နေကြောင်း စက်မှုဇုန်တာဝန်ရှိသူများနဲ့ အထည်ချုပ်လုပ်ငန်းရှင်အချို့ကပြောပါတယ်။

အဆိုပါ နှစ်ကူးရုံးပိတ်ရက်ကို အစိုးရက ငါးရက်သာ သတ်မှတ်ပေးထားပေမယ့်လည်း စက်ရုံလုပ်သားများ အချိန်လုံလောက်စွာ နေထိုင်နိုင်ရန် နားလည်မှုနဲ့ ပိတ်ရက်တိုးမြှင့်ပေးဖို့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်း သဘောတူညီထားပါတယ်။

 ‘‘ သင်္ကြန်မတိုင်ခင်အထိ ဆင်းရတဲ့ရက်တွေမှာ တစ်နေ့ကို  တစ်နာရီ ပိုဆင်းပေးတာမျိုး၊ နားရက်အစား ပေးဆင်းတာမျိုးနဲ့ လုပ်နေကြတာပါ။ နှစ်ဖက်အဲဒီလို သဘောတူညီပြီး လုပ်နေပါတယ်ဆိုတာ သက်သေခိုင်မာအောင် စာချုပ်ချုပ်ဖို့တော့ ပြောထားတယ်။ နောက်ပိုင်းပြဿနာ  မဖြစ်ပေါ်လာအောင် ’’ ဟု စက်မှုဇုန် ဖွံ့ဖြိုးရေးဇုန်ကော်မတီ ဥက္ကဋ္ဌတစ်ဦးကပြောပါတယ်။

ထိုကဲ့သို့ နှစ်ဖက်နားလည်မှုနဲ့ ပိတ်ရက်တိုးမြှင့်ပေးခြင်းကို နိုင်ငံသားပိုင်စက်ရုံများကသာ အများဆုံးဆောင်ရွက်နေပြီး နိုင်ငံခြားသားပိုင်စက်ရုံများကတော့ အစိုးရရဲ့   တရားဝင်ရုံးပိတ်ရက်အတိုင်းသာ ခွင့်ပြုဖို့ လိုလားတယ်လို့ အထည်ချုပ်စက်ရုံလုပ်ငန်းရှင်အချို့က ပြောပါတယ်။

 ‘‘  ဒီမှာလာလုပ်တဲ့ ကလေးတွေက နယ်ကလူတွေအများစုဆိုတော့လည်း သူတို့လေးတွေအဆင်ပြေအောင် စီစဉ်ပေးရတာပဲလေ။ ငါးရက်နဲ့ ပြန်ဖို့ပြုဖို့ဆိုတာ ဘယ်လုံလောက်မလဲ ’’  ဟု ရွှေလင်ဗန်းစက်မှုဇုန်မှ အထည်ချုပ်လုပ်ငန်းရှင် ဦးအေးသောင်းက ပြောပါတယ်။

သင်္ကြန်ပိတ်ရက်ကို အရင်တိုင်း ၁၀ ရက်အပြည့် ရရှိလိုခြင်းကြောင့် အလုပ်ချိန်ပိုဆင်းရတဲ့အပေါ် အလုပ်သမားများက သဘောတူကြောင်း အထည်ချုပ် အလုပ်သမားခေါင်းဆောင် မတင်ဇာကဆိုပါတယ်။ ‘‘တချို့စက်ရုံတွေက ဒီလဆန်းပိုင်းလောက်ကတည်းက လိုလိုလားလားနဲ့ အချိန်ပိုအစားထိုး ဆင်းပေးနေကြတာပါ’’ဟု ၎င်းကပြောပါတယ်။

 အစိုးရက ၂၀၁၇ ကစ၍ သင်္ကြန်ရုံးပိတ်ရက်ကို ငါးရက်သာသတ်မှတ်ပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းနဲ့ နိုင်ငံတကာနှစ်ကူးပိတ်ရက်များမှာ ပိတ်ရက်တိုးမြှင့်ပေးခဲ့ပါတယ်။

7day daily

Myanmar Industry Directory

Local News Read 4101 times