၂၀၁၈ နှစ်ကုန်ပိုင်း မိုးစပါးသစ်များ ထွက်ပေါ်ချိန်က ကောက်ညှင်းဆန်တစ်အိတ်လျှင် ကျပ်ငါးသောင်းထိ ဈေးမြှင့်တက်ခဲ့သဖြင့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှစ၍ ပြည်ပမှ ယိုးဒယားကောက်ညှင်းဆန်(အသွယ်)များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီး တစ်အိတ်လျှင် ငွေကျပ် ၄၈၀၀၀ ဝန်းကျင်ဖြင့် ရောင်းချခဲ့သည်။
ယခုဇန်နဝါရီလဆန်းပိုင်းတွင် မော်ကျွန်းနယ်မှ ကောက်ညှင်းဆန် အသစ်များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်ကာ တစ်အိတ်လျှင် ကျပ်လေးသောင်းအထိ ဈေးကျလာသဖြင့် ပြည်ပကောက်ညှင်းဆန် ပြည်တွင်းသို့ ဝင်ရောက်မှု လျော့နည်းသွားသည်ဟု ဘုရင့်နောင်ပွဲရုံရှိ ဆန်လုပ်ငန်းများမှ သိရသည်။
ကောက်ညှင်းဆန်ဈေးကွက်
ကောက်ညှင်းဆန်ဈေးကွက်တွင် ပုသိမ်နယ်ထွက် ကောက်ညှင်းအသွယ်မှာ ဈေးနှုန်းအမြင့်ဆုံးရရှိနေပြီး မော်ကျွန်းနယ်နှင့် ရန်ကုန်လေးထောင့်ကန်နယ်မှ ထွက်သော ကောက်ညှင်းဆန်များမှာ အပွများဖြစ်သည်။
ကောက်ညှင်းဆန်ကို နံနက်ပိုင်းရောင်းချသော နံနက်စာ စားသောက်ဖွယ်ရာအချို့ကို ပြုလုပ်ရာတွင် အသုံးပြုမှုရှိပြီး ကောက်ညှင်းအသစ်ထွက်ပေါ်ချိန် ပြာသိုလဆန်း ကရင်နှစ်သစ်ကူး၊ ဖေဖော်ဝါရီလဆန်းပိုင်း တရုတ်နှစ်သစ်ကူးနှင့် ဝါခေါင်လတွင် တရုတ်လူမျိုးတို့၏ ပွဲတော်ကာလများတွင် ကောက်ညှင်းကို အသုံးပြုမှုများသည်း။
တစ်အိတ်ဈေး ကျနေသော်လည်း ဇန်နဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့လယ် လမ်းမတော်မြို့နယ်အတွင်းတွင် ကောက်ညှင်းဆန် တစ်ပြည်လျှင် လက်လီဈေး ငွေကျပ် ၂၃၀၀ ကျပ်နှုန်းရှိနေသည်။
ဆန်တစ်အိတ်လျှင် ၁၀၈ ပေါင်ဖြင့် ပြည်တွင်းဆန်ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသော်လည်း ကောက်ညှင်းဆန်မှာမူ တစ်အိတ်လျှင် အလေးချိန် ၁၀၂ ပေါင်ဖြင့်သာ ချိန်တွယ်ရောင်းချနေကြောင်း သိရသည်။
ဇန်နဝါရီလဈေးနှုန်း
၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်း ရန်ကုန်ဈေးကွက် ဆန်ဈေးနှုန်းများအနေဖြင့် မြစ်ဝကျွန်းပေါ် ပေါ်ဆန်းဆန်သစ် တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း ဆန်သစ်တစ်အိတ်လျှင် ငွေကျပ် ၄၇၀၀၀ ဝန်းကျင် ရှိနေသည်။
ယင်းဈေးနှုန်းများမှာ ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ပြန်ကျခဲ့သော ဈေးနှုန်းများဖြစ်ပြီး ၂၀၁၈ အတွင်းက သြဂုတ်လမှစ၍ ဆန်ဈေးများတက်ခဲ့ရာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် အမြင့်ဆုံးငွေ ၆၃၀၀၀ နှင့် မြစ်ဝကျွန်းပေါ်ပေါ်ဆန်းတစ်အိတ်လျှင် အမြင့်ဆုံးငွေကျပ် ၅၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။
Myanmar Alin