မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း မန္တလေးတိုင်းဒေသကြီးရဲ့ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးသန့်တင်က “လက်လီလုပ်ငန်းဆိုတာကလဲ လုပ်ငန်းသေးသေးလေးကနေ လုပ်ငန်းအကြီးကြီး အထိ မျိုးစုံပါပါတယ်၊ ဒီလုပ်ငန်းတွေမှာရှိ တဲ့၊ လက်ရှိ ရောင်းဝယ်ဖောက်ကားနေတဲ့ ပစ္စည်းတွေ၊ အရေအတွက် အမျိုးအမည် တွေဆိုတာလဲ မနည်းပါဘူး၊ ဒီဟာတွေ အပေါ်မှာ ကျွန်တော်တို့ ခြောက်လအတွင်းမှာ ပြီးစီးအောင် ဖြေရှင်းရမယ်၊ ပြေလည်အောင် လုပ်ရမယ်ဆိုတာက အခက်အခဲအများကြီးရှိပါတယ်”လို့ ဆိုပါတယ်။
လက်လီဆိုင်တွေ ကို ခြောက်လအတွင်းမှာ လာရောက်စစ်ဆေး သိမ်းဆည်းမယ်ဆိုရင် လုပ်ငန်းရှင်တွေအတွက် ဆုံးရှုံးနစ်နာနိုင်တယ်။စားသုံးသူရေးရာဦးစီး ဌာနက ထုတ်ပြန်ထားတဲ့ စားသုံးသူကာ ကွယ်ရေးဥပဒေအရ Labelling ကို မြန်မာလိုပါရမယ်၊ ခြောက်လအတွင်း အသက်ဝင်မယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် လက်လီလုပ်ငန်းရှင်တွေအခက်အခဲကြုံနေရတယ်လို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းက သိရပါတယ်။
Labelling ကို မြန်မာစာတပ်ဖို့ ဘာသာ ပြန်ရမယ့် ကိစ္စ တွေ နဲ့စကားလုံး တွေ အသုံးအနှုန်းရွေး ပြီး ပြန်ဆိုတာတွေမှာလည်း သတ်မှတ်ချက်တွေ အခက်အခဲတွေ ရှိနေဦးမယ် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း မန္တလေးတိုင်း ဒေသကြီးရဲ့ အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။“ဒီကိစ္စတွေကို ခြောက်လအတွင်းမှာ ဖြေရှင်းမှာလား၊ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်ထဲမှာရော တိတိကျကျ ဘယ်လောက်အထိ ညွှန်းဆိုဖော်ပြထားပြီ လဲ၊ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ဆွေး နွေဖို့ လိုဦးမယ်လို့ ထင်ပါတယ်”လို့ အ သင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
သည်ပြဋ္ဌာန်းချက်အရ ခြောက်လအတွင်း အရေးယူဆောင်ရွက်မယ်လို့ ပါရှိထားတဲ့အပေါ်မှာ ခြောက်လအတွင်းမှာ လက်ရှိပစ္စည်းတွေကို ရောင်းချလို့ မကုန်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ခြောက်လအ တွင်းမှာ နောက်ထပ်ရောက်လာမယ့် ပစ္စည်းတွေကို Labelling အရ ပြောင်းလဲ ရမယ်ဆိုရင် ထုတ်လုပ်သူတွေ အနေနဲ့ အ ဆင် သင့် မဖြစ်နိုင်ဘူးလို့ ဆိုကြ ပါတယ်။“ဒီနေ့ တစ်ရက်ချင်း တစ်ရက်ချင်း တစ်လချင်း တစ်လချင်းမှာကိုပဲ ဒီစက်ရုံ တွေ လည်ပတ်နေတယ်၊ ဒီ Labelling ကို သူတို့ ချက်ချင်းပြင်ဆင်နိုင်ပြီလား၊ သူတို့ ပြင်ဆင်ပြီး သူတို့ထွက်လာမှ ကျွန် တော် တို့ ဝယ်ပြီးရောင်းလို့ရမှာပေါ့၊ သူတို့ မထွက် သရွေ့ ကျွန်တော်တို့ ရောင်းလို့ရမှာ မဟုတ် ပါဘူး၊ နောက်တစ်ခုက ခြောက်လ အတွင်းမှာ ပြီးစီးဖို့ဆိုတဲ့ နေရာမှာလဲ ဘာသာပြန် တယ်ဆိုတဲ့ကိစ္စ၊ ဒါလဲ ထုတ်လုပ်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေ၊ တင်သွင်း သူတွေ ဘက်မှာ တာဝန်ရှိပါတယ်”လို့ ကိုနေမျိုး သန့်တင်က ပြောပါတယ်။
လက်လီဆိုင်တွေအနေနဲ့ လုပ်ငန်းမှာ ငွေကြေးတွေ ရင်းနှီးထားရတာကြောင့် ခြောက်လအတွင်းမှာ လာရောက်စစ်ဆေး သိမ်းဆည်းမယ်ဆိုရင် လုပ်ငန်းရှင်တွေအ တွက် ဆုံးရှုံးနစ်နာနိုင်တယ်လို့ဆိုပါတယ်။လက်လီလုပ်ငန်းရှင်တစ်ဦးက “စီးပွား ရေးလုပ်ငန်းရှင်ဆိုတာလဲ စားသုံးသူပါပဲ၊ ပြည်သူပါပဲ၊ ပြည်သူကောင်းဖို့ဆိုတဲ့နေရာ မှာ လုပ်ငန်းရှင်ရော စားသုံးသူရော အား လုံး အလုပ်ဖြစ်မယ့် နည်းစနစ်တွေ ဥပဒေနဲ့ အကောင်အထည်ဖော်ဖို့ လိုပါမယ်၊ အဲဒီလို နည်းစနစ်တွေကို အချိန်ပြင်ဆင်ပြီးမှ ဆောင်ရွက်သင့်တယ်ထင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ လက်လီလုပ်ငန်းရှင် တွေအနေနဲ့ ခြောက်လဆိုတဲ့ ဆိုင်းငံ့ကာ လကို တိုးပေးဖို့ အနည်းဆုံးနှစ်နှစ်လောက် ထားပေးဖို့ ဆန္ဒရှိနေကြပါတယ်။ကိုမျိုးသန့်တင်က “ဒီနှစ်နှစ်အတွင်း မှာလဲ ကျွန်တော်တို့က ဒီနှစ်လောက်က တည်းကစပြီးတော့ ဘယ်လိုပုံစံနဲ့ အလုပ် လုပ်မလဲဆိုတာ တိကျတဲ့ ဆွေးနွေးပွဲတွေ၊ ဆုံးဖြတ်ချက်တွေထွက်အောင် စအလုပ် လုပ်ဖို့လဲ လိုပါတယ်၊ ခြောက်လပေးလိုက် တယ်၊ နှစ်နှစ်ပေးလိုက်တယ်၊ သုံးနှစ်ပေး လိုက်တယ်၊ ပြီးရင် ဆက်ပြီးတော့ အလုပ်မလုပ်ဘူးဆိုရင်လဲ ကျွန်တော်တို့ အဆင် ပြေမှာ မဟုတ်ပါဘူး၊ ဒီဟာလဲ time line တစ်ခုပေးမယ်၊ အားလုံးနဲ့ အဆင်ပြေနိုင် မယ့် time line ဖြစ်မယ်၊ နောက်အလုပ်လဲ လုပ်ဖို့ တစ်ခါတည်း အချိန်ပလန်တွေလဲ ရှိမယ်ဆိုလို့ရှိရင်တော့ အဆင်ပြေမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စားသုံးသူပြည်သူများနဲ့ လုပ်ငန်းရှင်များကို အသိပေးကြေညာခြင်း “ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ ပြုလုပ်ရာတွင် စားသုံးသူ ဘေးကင်းလုံခြုံ ရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနဲ့ အခြားဘာသာ တွဲလျက်ဖြစ်စေဖော်ပြခြင်း” ဆိုပြီး အောက်တိုဘာ ၂၈ ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်ဟာ ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ ပြုလုပ်ရာမှာ စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံနဲ့ပတ်သက်သော သတင်းအချက်အလက် သို့ မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမှာ ဖြစ်ပါတယ်။
အစားအသောက်များ၊ အိမ်သုံးပစ္စည်း များ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဓာတုဗေဒပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း များ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများဖြစ်တဲ့ ကုန်ပစ္စည်းတွေမှာ အောက်ပါအချက်တွေကို မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာ နှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ရမယ်လို့ ပါရှိပါတယ်။သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နဲ့ ကြိုတင်အသိပေးချက်၊ ဘေးထွက် ဆိုးကျိုးတို့ကို ဖော်ပြရမှာ ဖြစ်ပါတယ်။
အမိန့်ကြော်ငြာစာထုတ်ပြန်တဲ့နေ့က ခြောက်လပြည့်တဲ့နေ့မှာ စတင်အာဏာ သက်ရောက်စေမှာဖြစ်ပြီး လိုက်နာခြင်းမရှိပါက စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉ အရ အရေးယူခံရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းမန္တလေးတိုင်းဒေသကြီးမှာ အဖွဲ့ ဝင်ဦးရေ ၅ဝဝ နီးပါးလောက် ရှိနေပြီလို့ သိရပါတယ်။
kumudra