အစိုးရမှ စီးပွားရေးတိုးတက်စေရန် ဒုတိယအကြိမ် စီးပွားရေးမဟာဗျူဟာ အသစ်ထုတ်ပြန်မည်
အစိုးရသက်တမ်းတစ် နှစ်ခွဲကျော်ကြာမြင့်ချိန်တွင် စီး ပွားရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြုပြင်ပြောင်းလဲထားသော မဟာဗျူဟာအသစ် မကြာမီ ကြေညာမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးမှ ပြောကြားကြောင်း သိရပါသည်။
တစ်နိုင်ငံလုံး စီးပွားရေး မဟာဗျူဟာအသစ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သော ပြုပြင်ပြောင်းလဲမှုကို မကြာမီအသိပေးကြေညာမည်ဟု နို၀င်ဘာ ၂၂ ရက်က ထုတ်ပြန်ထားကြောင်း သိရပါသည်။
အစိုးရ၏စီးပွားရေး အစီအစဉ်သစ်နှင့် ပြုပြင်ပြောင်းလဲမှု ဒုတိယလှိုင်းက နိုင်ငံစီးပွားရေးကို တိုးတက်ပြောင်းလဲစေနိုင်သည် ဟု လေ့လာသူများက ပြောကြားကြောင်း သိရပါသည်။
ဒီချုပ်အစိုးရထုတ်ပြန်ထားသော စီးပွားရေးမူဝါဒ ၁၂ ချက်က ယေဘုယျဆန်နေခြင်းကြောင့် အသေးစိတ်မူဝါဒအချက် ၉၀ ခန့်ကို ပြည်သူအများ သိရှိစေရန် ထပ်မံထုတ်ပြန်ပေးမည်ဟု ဒီချုပ် ပါတီစီးပွားရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။
စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် အခြေခံကျသည့် လျှပ်စစ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍတို့တွင် တိတိကျကျ ဆုံးဖြတ်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံကုန် သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌမှ ပြောကြားကြောင်းသိရပါသည်။
လျှပ်စစ်ကဏ္ဍသည် မြန်မာနိုင်ငံ၏စီးပွားရေးတွင် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး ထုတ်ကုန်လုပ်ငန်းများ တိုးတက်ရေး နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စွာဝင်ရောက်လာရေးအတွက် အ ဓိကကျကြောင်း ပြောကြားပါသည်။
ဒီချုပ်အစိုးရတက်လာပြီး ရက်ပေါင်း ၁၂၀ (လေးလခန့်) ကြာမြင့်ချိန်တွင် နိုင်ငံ၏စီးပွားရေးမူဝါဒ ၁၂ ချက် ထုတ်ပြန်ခဲ့သော်လည်း ယေဘုယျဆန်ပြီး တိကျသေချာမှုမရှိခြင်းကြောင့် စီးပွားရေးကဏ္ဍမှ ဝေဖန်မှုများ စွာ ထွက်ပေါ်ခဲ့သည်။
အဆိုပါ ၁၂ ချက်တွင် စီးပွားရေးမူဝါဒ၌ ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်လာအောင် ဆောင်ရွက်ရန်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ပံ့ပိုးကူညီရန်၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ပညာရပ်များဖွံ့ ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးရန်၊ အခြေခံအဆောက်အအုံ များဖြစ်သော လမ်း၊ တံတား၊ လျှပ်စစ်ကဏ္ဍများ တိုးတက်လာစေရေးဆောင်ရွက်ရန်နှင့် နည်းပညာများ ပိုမိုအသုံးချရန်၊ အလုပ်အကိုင် အခွင့်အလမ်းမြင့်မားလာစေသော လုပ်ငန်းများကို ကာလတိုအတွင်း ဦးစားပေးရန်စသည့် အချက်များပါ၀င်သည်။
ထိုအချက် ၁၂ ချက်သည် နိုင်ငံ၏ စီးပွားရေးမူဝါဒကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး ခြောက်လအတွင်း မူဝါဒကို လုပ်ဆောင်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးမူဝါဒထုတ်ပြန်ခဲ့သည့်အခမ်းအနား၌ ပြောကြားခဲ့သည်။
ဒီချုပ်အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ချက်သည် အားလုံးခြုံငုံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး ဦးစားပေးလုပ်ကိုင်မည့် ကဏ္ဍကို တိကျသေချာစွာဖော်ပြမှုမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။
Source:seven day newspaper