အစိုးရသို့ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်စပါးဈေးကွက်၊ ဈေးနှုန်းအခြေအနေတို့အား တင်ပြအကြံပြုထား


13 May, 2019

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်စပါးဈေးကွက်နဲ့ ဈေးနှုန်းအခြေအနေတို့ကို နိုင်ငံတော်အစိုးရထံ တင်ပြအကြံပြုထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်တဲ့ အစိုးရဌာနဆိုင်ရာများကို လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်စပါးဈေးကွက်အခြေအနေ၊ ဝယ်လိုအားတိုးမြှင့်ရန် လိုအပ်မှုအခြေအနေ၊ အခြေခံဈေးနှုန်းစနစ်ကို ထိရောက်စွာဖော်ဆောင်ဖို့ လိုအပ်တဲ့အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဒါတွေအပြင် အသင်းချုပ်မှ အခြောက်ခံစက်နဲ့ သိုလှောင်ရုံတွေ တိုးချဲ့တည်ဆောက်ရန် အစီအစဉ်များ၊ ဈေးကွက်အတွင်း ကျဆင်းနေတဲ့ ဝယ်လိုအားကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစိုးရ - ပုဂ္ဂလိက (PPP) ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ တောင်သူလယ်သမားများရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တိုးတက်နေချိန်တွင်

နွေစပါးပေါ်ချိန်၌ စပါးဈေးကျဆင်းနေမှုကြောင့် တောင်သူလယ်သမားများရဲ့ ဝင်ငွေနဲ့ အကျိုးစီးပွား နစ်နာဆုံးရှုံးနေမှု အခြေအနေများကိုလည်း ဆွေးနွေးတင်ပြခဲ့ပြီး၊ ဒီအခြေအနေတွေကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်နိုင်မှု အစီအမံများအပေါ် နိုင်ငံတော်သမ္မတရုံးတွင် မေလ ၉ ရက်နေ့က အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လတ်တလောအခြေအနေမှာ ဆောင်ရွက်ဖို့ရှိတဲ့ ကိစ္စတွေကို ပုဂ္ဂိလကအစီအစဉ်သက်သက်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထပ်မံတိုးချဲ့ဆောင်ရွက်မယ့် အစီအစဉ်များ၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်များကိုတော့ အသေးစိတ်ထပ်မံ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

Ref: မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

Local News Read 512 times