ပြည်ပပို့ကုန် သီဟိုဋ္ဌ်စေ့ ယခုနှစ်မှာ ဈေးနှုန်းကျဆင်း


26 March, 2019

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း အခုအခါ သီဟိုဋ္ဌ်စေ့တွေ ခူးဆွတ်နေပြီဖြစ်ပေမယ့်လည်း ရာသီဥတုအပြောင်းအလဲတွေကြောင့် အထွက်နှုန်းလျော့နည်းကာ ဈေးနှုန်းကျဆင်းနေပါတယ်။

သီဟိုဋ္ဌ်စေ့ကို မတ်လမှ ဧပြီလအထိ အဓိကခူးဆွတ်ရောင်းချနိုင်ပေမယ့်လည်း အခုနှစ်မှာ ရာသီဥတုမကောင်းခြင်း၊ နှင်းခါးရိုက်ခြင်း၊ ပိုးကျခြင်းတို့ကြောင့် သီဟိုဋ္ဌ်အထွက်နှုန်းကျဆင်းကာ အရည်အသွေးပြည့်မီမှုနည်းပါးလာပါတယ်။

ဒါ့ကြောင့် အရင်နှစ်က လက်ရှိအချိန်မှာ သီဟိုဋ္ဌ်တစ်ပိသာကို ငွေကျပ် ၄၀၀၀ မှ ၄၄၀၀ အထိရရှိပေမယ့် အခုနှစ်မှာတော့ ငွေကျပ် ၃၅၀၀ မှ ၃၉၀၀ ခန့်အထိသာ ရရှိတဲ့အပြင် အရောင်းအဝယ်အေးနေပါတယ်။

သီဟိုဋ္ဌ်စေ့တွေကို ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်တွေမှာ အဓိကစိုက်ပျိုးကြပြီး ပုသိမ်မြို့ပေါ်မှာ အရင်နှစ်က အဝယ်ဒိုင် ၁၁ ခုရှိပေမယ့်လည်း အခုနှစ်မှာတော့ အဝယ်ဒိုင် ၅ ခုနဲ့သာ ရောင်းဝယ်ကြရပါတယ်။

သီဟိုဋ္ဌ်စေ့ကုန်ကြမ်းကို ရန်ကုန်မြို့ဆီ တိုက်ရိုက်တင်ပို့ရောင်းချခြင်းအပြင် ကုန်ချောထုတ်လုပ်တဲ့ ဒိုင်ခွဲတွေမှ တစ်နှစ်ပတ်လုံး ကုန်ချောထုတ်လုပ်ကာ ပြည်ပဈေးကွက်ကို တင်ပို့လျက်ရှိပါတယ်။

သီဟိုဋ္ဌ်စေ့ဟာ နှစ်ရှည်သီးနှံပင်ဖြစ်တဲ့အတွက် အထွက်နှုန်းကျဆင်းခြင်းကြောင့် သီဟိုဋ္ဌ်စိုက်ပျိုးတောင်သူတွေအနေနဲ့ အခုနှစ်မှာ အခက်အခဲဖြစ်ပေါ်နေပါတယ်။

The Myawady Daily

Export, Import Read 379 times