တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များကို စိစစ်ကြရာတွင် အားနည်းချက်များရှိနေခြင်းက ဘတ်ဂျက်လျာထားသုံးစွဲမှုများတွင် ပြဿနာများပိုဖြစ်လာစေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများက ထောက်ပြပြောဆိုကြသည်။'
အတည်ပြုပြဌာန်း
အစိုးရက ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်ဟူ၍ ဘတ်ဂျက်နှစ်မျိုးကို နှစ်စဉ်ရေးဆွဲ၍ လွှတ်တော်များတွင် အတည်ပြုပြဌာန်းသည်။ ပြည်ထောင်စုဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်တွင် အဆုံးသတ်အတည်ပြုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များကို ၎င်းတို့သက်ဆိုင်ရာ ဒေသလွှတ်တော်များတွင် အပြီးသတ် အတည်ပြုပြဌာန်းသည်။
တိုင်းနှင့် ပြည်နယ်များ၏ ဘတ်ဂျက်စိစစ်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများက စိစစ်ကြသကဲ့သို့ ဒေသဆိုင်ရာလွှတ်တော်တွင်း ဆွေးနွေးမှုများလည်း ပြုလုပ်ကြရရာ ထိုအခန်းကဏ္ဍသည် ဘတ်ဂျက်စိစစ်မှုများအတွက် အလွန်အရေးပါသည်ဟု ပြော၍ရသည်။ ယင်းအခန်းကဏ္ဍနှင့် ထပ်တူအရေးပါသည့် အခြားတစ်ခုမှာ ဒေသအလိုက်အစိုးရများ၏ ဘတ်ဂျက်စီမံခန့်ခွဲနိုင်မှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဖြစ်သည်။
ပြဿနာများ
လက်ရှိတွင် လွှတ်တော်တွင်း အတည်ပြုထားခြင်းလည်းမရှိ၊ ဘတ်ဂျက်ပြဌာန်းမှုတွင်လည်း မပါဝင်သော စီမံကိန်းများကို အကောင်အထည်ဖော်မှုနှင့် ချေးငွေများ ရယူထားမှုများ၊ လျာထားကုန်ကျစရိတ်များ ပိုမိုတောင်းခံထားခြင်းများနှင့် မလွှဲသာမရှောင်သာဘဲ တိုင်းနှင့် ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ရခြင်းများ စသည့်ပြဿနာများရှိနေသည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၆−၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ခရီးသည်တင်ယာဉ် အစီး ၁,ဝဝဝ ဝယ်ယူရန် လွှတ်တော်မှ ခွင့်ပြုထားသည့် ကျပ်ဘီလျံ ၇ဝ အပြင် ဧရာဝတီဘဏ်မှ ရှစ်ဘီလျံနှင့် ကမ္ဘောဇဘဏ်မှ ၅ ဒသမ ၅ ဘီလျံကို ချေးယူခဲ့ခြင်းမှာ လွှတ်တော်သို့ တင်ပြအတည်ပြုချက်တောင်းခံခြင်း မရှိသည့်အတွက် ပြန်လည်ပေးဆပ်ရန် လွှတ်တော်က သဘောမတူကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌ၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် အစိုးရတစ်ရပ်သည် ဘတ်ဂျက်တွင် ရငွေ၊ ချေးငွေ၊ သုံးငွေကိစ္စရပ်များကို လွှတ်တော်၌ တင်ပြဆွေးနွေး အတည်ပြုချက်ရယူရမည်ဖြစ်သည်။
''ဘတ်ဂျက်ဆိုတာ ဥပဒေနဲ့ လွှတ်တော်က ပြဌာန်းပေးလိုက်တာဖြစ်တဲ့အတွက် အဲဒီဥပဒေအတိုင်း အစိုးရက လုပ်ပေးဖို့လိုတယ်။ အဲဒီဥပဒေကို ကျော်သွားပြီး မတင်ပြဘဲနဲ့ သုံးလိုက်တဲ့၊ ချေးလိုက်တဲ့ကိစ္စက ဘယ်နည်းနဲ့မှ လွှတ်တော်အနေနဲ့ လက်ခံမှာ မဟုတ်ဘူး။ အစိုးရက သူ့ဆုံးဖြတ်ချက်နဲ့ သူလုပ်သွားတာက ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ မြင်တယ်''ဟု ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များပြုစုသော အဖွဲ့အစည်းဖြစ်သည့် ပွင့်လင်း မြန်မာ့ရှေ့ဆောင်၏ သုတေသန၊ ဒါရိုက်တာဟောင်း ကိုထင်ကျော်အေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်
၂ဝ၁၈−၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်တွင် ပလတ်စတစ်ခုံတစ်လုံး ကျပ် ၇ဝ,ဝဝဝ တင်ပြမှု၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရာတွင် အရည်အသွေး ကြီးကြပ်စစ်ဆေးခအတွက် ကျပ်သိန်းပေါင်း ၆,၆ဝဝ ကုန်ကျမည်ဟု ဖော်ပြမှုများကို တိုင်းလွှတ်တော်အမတ်များက ထောက်ပြမေးမြန်းမှုများ ရှိခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဘတ်ဂျက်
တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ၂ဝ၁၇ ခုနှစ်က ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းရန် တိုင်းအစိုးရက ကျပ်သိန်း ၄,ဝဝဝ သုံးစွဲခဲ့ခြင်းအပေါ် ရှင်းလင်းတိကျသော အချက်အလက်ဖြင့် တင်ပြရန် လွှတ်တော်ဒုတိယဥက္ကဌက ပြီးခဲ့သောရက်ပိုင်းက ပြောဆိုခဲ့သည်။
ယင်းသို့သောဖြစ်စဉ်များကို လွှတ်တော်က မေးခွန်းထုတ်နိုင်ခြင်းနှင့်အတူ လူထုလည်း ပိုမိုသိရှိလာသည့်အတွက် ရန်ကုန်နှင့် တနင်္သာရီတိုင်းသည် နမူနာကောင်းများဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးဘတ်ဂျက်
စစ်ကိုင်းတိုင်းဒေသကြီး၏ ၂ဝ၁၈−၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် One Stop Service ရုံးများ မြို့လေးခုတွင် ဖွင့်လှစ်ရန်အတွက် တစ်ခုလျှင် ကျပ်သိန်း ၉ဝဝ နှုန်းဖြင့် တင်ပြလာခဲ့ကြောင်း၊ ထိုရုံးများသည် မလိုအပ်ဘဲ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်ထောင်စုက အတည်ပြုလိုက်သည့်အတွက် တိုင်းလွှတ်တော်သို့ ဘတ်ဂျက်ပြန်ကျလာချိန်တွင် အတည်ပြုလိုက်ရခြင်းသာဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဝက်လက်မဲဆန္ဒနယ် အမှတ်(၁) ဦးမောင်မောင်ဝင်းက ပြောသည်။
ဘတ်ဂျက် လုပ်ထုံးလုပ်နည်း
တိုင်းနှင့် ပြည်နယ်ဘတ်ဂျက် လုပ်ထုံးလုပ်နည်းအရ ကနဦး ရေးဆွဲထားသော ဘတ်ဂျက်လျာထားချက်များကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော်များတွင် ဆွေးနွေးပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ရသည်။ စီမံဘဏ္ဍာဝန်ကြီးဌာနက စိစစ်ပြီးလျှင် ဘဏ္ဍာရေးကော်မရှင်ထံ တင်ပြရသည်။ ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပြီးသည်နှင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်လွှတ်တော်သို့ ပြန်လည်ချထားပေးလိုက်သည်။ ထိုချထားပေးလိုက်သည့် ဘတ်ဂျက်အပေါ် လွှတ်တော်တွင်း ပြန်လည်ဆွေးနွေးပြီး အတည်ပြုရခြင်းသာ ဖြစ်သည်။ စစ်ကိုင်တိုင်း ဒေသကြီးဖြစ်စဉ်မှာ ဘဏ္ဍာရေးကော်မရှင်က ခွင့်ပြု၍ ပြန်လည်ကျလာသည့် ဘတ်ဂျက်ကို အတည်ပြုလိုက်ရသည်ကို ဆိုလိုခြင်းလည်း ဖြစ်သည်။
''တကယ်တမ်း အကြေအလည်ဆွေးနွေးမယ့် အပိုင်းလည်းရောက်ရော ပြည်ထောင်စုက အတည်ပြုပြီးသား၊ မဖြတ်ပါတော့နဲ့၊ ဖြတ်ရင်လည်း ပိုက်ဆံတွေ ပြန်သွင်းရပါလိမ့်မယ်ဆိုပြီး ပြည်ထောင်စုကို ပြန်မပေးချင်တာနဲ့ အတင်းဇွတ် အတည်ပြုလိုက်ရတဲ့ သဘောပါပဲ''ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ်ဘတ်ဂျက်
ကချင်ပြည်နယ်တွင်လည်း ဗန်းမော်−မြစ်ကြီးနားလမ်း ကတ္တရာခင်းမည့်အစီအစဉ်သည် ဘတ်ဂျက်တွင် မပါဝင်ခဲ့ပေ။ ၂ဝ၁၇−၁၈ ခုနှစ် ဘတ်ဂျက်တွင် လွှတ်တော်မှဆုံးဖြတ်ထားခြင်း၊ ခွင့်ပြုခြင်းမရှိဘဲ ပြည်သူ့ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲနေမှု၊ လေလွင့်မှုများ တွေ့ရှိနေရသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်လွှတ်တော်တွင် အကျိုးအကြောင်း ခိုင်လုံစွာ ပြန်လည်ရှင်းပြရန် ကချင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီက ယခုရက်ပိုင်းမှာပင် ပြည်နယ်လွှတ်တော်ထံ အစီရင်ခံစာ ပေးပို့ခဲ့သည်။
ဖြစ်ပွားရသည့် အကြောင်းအရင်း
အဆိုပါအခြေအနေများ ဖြစ်ပွားရခြင်းသည် ဘတ်ဂျက်စိစစ်ကြရသည့်ဖြစ်စဉ်တွင် ဘတ်ဂျက်တင်ပြလာမှု နောက်ကျခြင်း၊ တင်ပြရာတွင် ဌာနအချို့မှ စာရင်းဇယားများ သေချာဖော်ပြမထားဘဲ အကြမ်းဖျင်းသာ တင်ပြခြင်း၊ ဘတ်ဂျက်စိစစ်ရန် အချိန်လောက်ငှမှုမရှိခြင်း စသည့် အခက်အခဲများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဘောင်ကျော်လုပ်ဆောင်ခြင်းများကြောင့်ဖြစ်သည်ဟု တိုင်းနှင့် ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဥပမာအနေဖြင့် ရန်ကုန်တိုင်းတွင် ပြည်သူ့ငွေစာရင်း ကော်မတီသို့ ရောက်လာသော ဘတ်ဂျက်ကို စိစစ်ရာတွင် ကော်မတီဝင် ၁ဝ ဦးသည် အချိန် တစ်ပတ်လောက်သာရရှိပြီး အချို့ဌာနဆိုင်ရာများက တင်ပြလာမှုများတွင် ခန့်မှန်းတွက်ချက်စရိတ်များနှင့် ဆောက်လုပ်မည့်ပုံစံများ၊ စာရင်းဇယားများမပါလာဘဲ အကြမ်းဖျင်းသာ တင်ပြမှုများရှိကြောင်း၊ စစ်ဆေးခွင့်ရရှိသည့်ရက် နည်းသည့်အတွက် သေချာစိစစ်နိုင်ခဲ့ခြင်းမရှိဟု ရန်ကုန်တိုင်း ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
''တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းရဲ့အောက်မှာရှိတဲ့ ရသုံးမှန်းခြေကလည်း သေချာကြည့်ရမှာ။ အဆင့်အလိုက်မှာ မှားနေတာ။ တကယ်တော့ ပြည်သူ့ငွေစာရင်းတစ်ခုတည်း လွှတ်တော်က အားမကိုးဘဲနဲ့ ရှိသမျှ ဒေသခံ ကိုယ်စားလှယ်တွေ အားလုံးဝိုင်းဝန်းပြီး အဲဒီရက်ပိုင်း စစ်ရမှာ။ မစစ်တော့ကျ လွှတ်တော်ထဲမှာ အော်နေရတယ်''ဟု ၎င်းက ပြောသည်။
''အဓိကက တာဝန်ခံမှု၊ တာဝန်ယူမှုပဲ။ တာဝန်ခံမှုယဉ်ကျေးမှုက ပျောက်နေတယ်။ ရှားသထက်ရှားနေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာအကြီးအကဲတစ်ယောက်အနေနဲ့ ကျွန်တော်တာဝန်ရှိပါတယ်။ တာဝန်ခံပါတယ် ဆိုတာမျိုးထုတ်ပြောပြီး ထုတ်ဖော်ဝန်ခံတာမျိုး လုပ်ပေး။ အခုက ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တာဝန်ရှိပါတယ်။ တာဝန်ခံပါတယ်ဆိုပြီး အဲဒီအသံမကြားရသေးဘူး''ဟု ပြည့်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသန်းစိုးက ပြောသည်။
ဘတ်ဂျက်စိစစ်မှု
ဘတ်ဂျက်စိစစ်မှုများ အားနည်းပါက လာမည့်နှစ်များတွင် လွှတ်တော်များအတွက် စိစစ်မှုအချိန်ပိုပေးရန် ဘတ်ဂျက်အချိန်ဇယား ထွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ပြောသည်။
''ရေးဆွဲသူအတွက်ရော အဆင့်ဆင့်စိစစ်သူနဲ့ လွှတ်တော်ကိုယ်စားလှယ်များအတွက်ပါ time line ကို အချိန်ပိုပေးမယ်ဆိုရင် ဒီပြဿနာတွေ အကုန်ပြေလည်သွားမယ် ထင်ပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ ဘာလုပ်ငန်းပဲဖြစ်ဖြစ် သုံးမယ်ဆိုရင် သုံးမယ့်အသုံးစရိတ် ငွေစာရင်းခေါင်းစဉ်ကို အသေးစိတ်ဖော်ပြပြီးတော့မှ ဘာလုပ်မယ်ဆိုတာ ဖော်ပြထားရင် ပိုပြီးစိစစ်ရတာ လွယ်ကူမယ်ထင်ပါတယ်''ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုဖြစ်စေ၊ တိုင်းနှင့် ပြည်နယ်ဖြစ်စေ အသုံးစရိတ်များကို လွှတ်တော်က သဘောမတူပါက ဖြတ်ချပိုင်ခွင့်ရှိသကဲ့သို့ လွှတ်တော်နှင့်အစိုးရအကြား အပြန်အလှန်ထိန်းကျောင်း ထောက်ပြပိုင်ခွင့်ရှိသည်ဟု ဒေါ်နွဲ့နွဲ့ဝင်းက ဆိုသည်။
လွှဲပြောင်းသုံးစွဲ၍မရ
ထို့ပြင် ဘဏ္ဍာရေးစည်းမျဉ်းအရ လျှော့ချဖြတ်တောက်ထားသည့်ငွေသည် ပြည်ထောင်စုတွင်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ဖြစ်စေ လွှတ်တော်က စိစစ်လျှော့ချထားရာ ထိုငွေကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် လွှဲပြောင်းသုံးစွဲ၍ မရကြောင်း၊ စိစစ်ဖြတ်တောက်လိုက်သည့်ငွေများ၊ ဈေးနှုန်းမှားငွေများ၊ တင်ဒါပိုလျှံငွေများသည် ပြန်အပ်ရမည်ဖြစ်ပြီး အခြားနေရာတွင်လည်း လွှဲပြောင်းသုံးစွဲ၍မရကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းအစိုးရသည် Ford ကား ၁ဝ စီးနှင့် မော်တော်ယာဉ် ၇၆ စီး ဝယ်ယူရန် တင်ပြလျာထားသည့် ကျပ် ၁ ဒသမ ဝ၈၉ ဘီလျံကို ပြည်ထောင်စုက ဖြတ်တောက်ခဲ့ရာ ဒေသဖွံ့ဖြိုးရေးတွင် ပြန်လည်သုံးစွဲသွားမည်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုခဲ့သည်။
တိုင်းနှင့် ပြည်နယ်ဘတ်ဂျက် ပိုလျှံငွေကို ဘတ်ဂျက်နှစ်ကုန်တွင် ပြန်အပ်ရပြီး ထိုငွေထဲမှ ပြန်လည် ထုတ်ယူသုံးစွဲမှုများလည်း ပြည်နယ်နှင့် တိုင်းများတွင် ရှိနေသည်။ ၁၉၇၄ ခုနှစ်က ပြင်ဆင်ခဲ့သည့် ရသုံးမှန်းခြေငွေစာရင်း အထွေထွေဘဏ္ဍာရေး စည်းမျဉ်းနှင့် စီမံဘဏ္ဍာဝန်ကြီးဌာနက ၁၉၈၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအရ အထွေထွေပိုလျှံ ရန်ပုံငွေသည် လွှတ်တော်အတည်ပြုချက် ရယူစရာမလိုဘဲ စီမံကိန်းနှင့်ဘဏ္ဍာရေး၏ ခွင့်ပြုချက်အရ ပြန်ယူထုတ်သုံးခွင့်ရှိသည်ဟု သိရသည်။
''တနင်္သာရီတိုင်းမှာဖြစ်တဲ့ ပြဿနာဆိုရင် ပိုတဲ့ပိုက်ဆံကို ပြန်အပ်တယ်။ ပြီးမှ ထုတ်သုံးတာ။ တိုင်းနဲ့ ပြည်နယ်တင်မကဘူး။ ပြည်ထောင်စုမှာလည်း အဲဒီပြဿနာရှိတယ်။ စီမံ၊ ဘဏ္ဍာက ခွင့်ပြုရင် ပြန်သုံးလို့ရတယ်ဆိုတာက အမှန်က ရှိကို မရှိသင့်ဘူး။ ၁၉၇၄ မှာ အဲဒီအချက်ကို ပြင်ခဲ့တာကိုက အမှားကြီးဖြစ်ခဲ့တာ။ အဲဒီအချိန်က အာဏာရှင်ခေတ်မို့ ရှိခဲ့တဲ့အခြေအနေ အခုက ဒါကို ပြန်မသုံးသင့်တော့ဘူး။ ဘဏ္ဍာနှစ်ကုန်နေတဲ့ကာလကြမှ ထုတ်ယူသုံးစွဲမှု မဖြစ်သင့်ဘူး''ဟု ကိုထင်ကျော်အေးက ပြောသည်။
စာရင်းစစ်ချုပ်နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာများတွင်လည်း ယင်းအချက်ကို မရှိသင့်ကြောင်း၊ လျှော့ချသင့်ကြောင်း ပြောဆိုခဲ့မှုများရှိခဲ့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးကော်မရှင်က အတည်ပြုလိုက်သည့် ဘတ်ဂျက်အပေါ် တိုင်းဒေသကြီးပြည်နယ်များက အချိန် အကန့်အသတ်တစ်ခုအတွင်း အတည်ပြုရသည့်အတွက် အချိန်လုံလောက်မှု မရှိသည့်အပြင် ကနဦးလျာထားမှုအပေါ် ပြည်ထောင်စုက ဖြတ်တောက်လိုက်ခြင်းကြောင့် အပိုထွက်လာသော ငွေများရှိတတ်ကြောင်း၊ ထိုငွေများကို ပြန်မပေးချင်သည့်အခါ အခြားနေရာများတွင် ခေါင်းစဉ်ပြောင်းလဲသုံးစွဲမှုများ ရှိကြောင်း ကိုထင်ကျော်အေးက ပြောသည်။
ဖြေရှင်းရန်
ဘတ်ဂျက်စိစစ်မှု အချိန်မလုံလောက်သည့် ပြဿနာများကို ဖြေရှင်းရန်မှာ လက်ရှိလုပ်ဆောင်နေသော ဘတ်ဂျက်လုပ်ထုံးလုပ်နည်းများကို ဖောက်ထွက် စဉ်းစားရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းသည် ထူးထူးခြားခြား ဖောက်ထွက်စဉ်းစား လုပ်ကိုင်လျက်ရှိကြောင်း ၎င်းက ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုသည် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုဘတ်ဂျက်ကို အတည်ပြုပြီးသည့်အခါ သမ္မတ လက်မှတ်ရေးထိုးပြီးချိန်အထိစောင့်ပြီးမှ ၎င်းတို့၏ဘတ်ဂျက်ကို လွှတ်တော်တွင် ဆွေးနွေးကြသည်။
မွန်ပြည်နယ်ဘတ်ဂျက်
မွန်ပြည်နယ်တွင် ထိုသို့မဟုတ်ဘဲ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်သည်နှင့် ဘတ်ဂျက်ကို ပြည်နယ်လွှတ်တော်တွင် တင်ပြဆွေးနွေးနေပြီဖြစ်ရာ အခြားတိုင်းနှင့် ပြည်နယ်များထက် အချိန်နှစ်ဆ ရရှိသည့်အတွက် လွှတ်တော်ဆွေးနွေးမှုတွင် ပိုမိုလုပ်ဆောင်နိုင်သည်ဟု ကိုထင်ကျော်အေးက ဆိုသည်။
မွန်ပြည်နယ်တွင် ဘတ်ဂျက်လျာထားချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းစပ်၍ စည်းဝေးပွဲအကြိမ်ကြိမ်လုပ်ကာ လွှတ်တော်တွင်း အကြိမ်ကြိမ်စိစစ်၍ ပြည်ထောင်စုသို့ ပေးပို့သည့်အတွက် ပြည်ထောင်စုက အတည်ပြုပြီးပါက ဘဏ္ဍာငွေ ခွဲဝေသုံးစွဲကြောင်း ပြည်နယ်လွှတ်တော်၊ သထုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
မွန်ပြည်နယ်ကဲ့သို့ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း စဉ်းစားလုပ်ဆောင်နိုင်ပါက အချိန်မလောက်ငမှုပြဿနာကို ကျော်လွှားနိုင်မည်ဟု ထင်မြင်ကြောင်း ကိုထင်ကျော်အေးက ပြောသည်။