မြန်မာအပါအဝင် အာရှ - ပစိဖိတ်နိုင်ငံ ၁၅ နိုင်ငံတို့သည် အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးသဘောတူညီချက်ကို ထူထောင်ရန် သဘောတူခဲ့ကြသည်။
ကိုဗစ်ကူးစက်မှုူများကြောင့် အထိနာနေသည့် ဒေသတွင်းမှာ စီးပွားရေး ပြန်လည်နာလန်ထူလာစေလိမ့်မည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။
တရုတ်နှင့်အခြားနိုင်ငံ ၁၄ နိုင်ငံသည် နိုင်ငံစီးပွားရေးအရပ်ရပ်အားလုံး၏ သုံးပုံတစ်ပုံကို လွှမ်းခြုံနိုင်သည့်ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးနယ်မြေကို ထူထောင်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။ ထိုသဘောတူညီချက်က အာရှတွင် ကိုဗစ်ဒဏ်ထိနေသော နိုင်ငံစီးပွားရေးများ ပြန်လည်နာလန်ထရန် ပိုမြန်သွားစေမည်ဟု မျှော်လင့်ရသည်။
The Regional Comprehensive Economic Partnership(RCEP) ကုန်သွယ်ရေး သဘောတူညီချက်ကို အွန်လိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ကျင်းပဆဲဖြစ်သော အာဆီယံထိပ်သီး အစည်းအဝေး၏ အစီအစဉ်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ရှစ်နှစ်ကြာ သွေး၊ ချွေး၊ မျက်ရည်များနှင့်ညှိနှိုင်းပြီးနောက် ကျွန်ုပ်တို့သည် RCEP သဘောတူညီချက်ကို တံဆိပ်ခတ်နှိပ်မည့် နောက်ဆုံးကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မလေးရှားကုန်သွယ်ရေးဝန်ကြီး Mohamed Azmin Ali ကပြောကြားခဲ့သည်။
"ဒီသဘောတူညီချက်က RCEP နိုင်ငံတွေ အနေဖြင့် အခုလို ခက်ခဲတဲ့အချိန်ကာလအတွင်း အမျိုးသားစီးပွား ကာကွယ်ရေးအစီအမံတွေကို အသုံးမပြုဘဲ ကျွန်တော်တို့ရဲ့ စျေးကွက်ကို ဖွင့်လှစ်ဖို့ ရွေးချယ်ထားကြောင်း အချက်ပြလိုက်ခြင်း ဖြစ်ပါတယ်" ဟု သူက ပြောကြားသည်။
အာဆီယံ ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် နယူးဇီလန် စုစုပေါင်း ၁၅ နိုင်ငံ သဘောတူကြသည့် ကုန်သွယ်ရေးနယ်မြေတွင် သွင်းကုန်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများကို နည်းပါးစေမည် ဖြစ်သည့် တံခါးဖွင့် ဝါဒကို ကျင့်သုံးကြမည် ဖြစ်သည်။
RCEP သဘောတူညီချက်တွင် လူဦးရေ ၂ ဘီလျံ အကျုံးဝင်ပြီး တရုတ်နိုင်ငံသည် လူဉီးရေ ၁.၃ ဘီလျံဖြင့် အကြီးမားဆုံး ဈေးကွက်ဖြစ်သည်။
အိန္ဒိယအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေဆဲ ဖြစ်သဖြင့် ပါဝင်မည် မဟုတ်သော်လည်း အကယ်၍ ပါဝင်လိုသည်ဆိုပါက တံခါးဖွင့်ထားကြောင်းလည်း သတင်းစကား ပါးထားသည်။
အိန္ဒိယအနေဖြင့် ပြည်တွင်းလုပ်ငန်းများကို ကာကွယ်သည့် မူဝါဒများကို ကျင့်သုံးနေခြင်းသည်လည်း သဘောတူညီချက်တွင် ပါဝင်ရန် အဟန့်အတား ဖြစ်နေစေသည်။ အကယ်၍ ပါဝင်ခဲ့သည့် ဆိုပါက အိန္ဒိယမှ နို့နှင့် နို့ထွက်ပစ္စည်း လုပ်ငန်းများသည် နယူးဇီလန်နှင့် ဩစတေးလျတို့မှ ပို့ကုန် နို့ထွက်ပစ္စည်းများ အိန္ဒိယဈေးကွက်ထဲ ပေါပေါလောလော ဝင်ရောက်လာသည်ကို ယှဉ်ပြိုင်ကြရတော့မည် ဖြစ်သည်။ စိုးရိမ်တကြီး ပိုဖြစ်စရာမှာ တရုတ်နိုင်ငံမှ ပို့ကုန်အမျိုးမျိုးသည်လည်း အိန္ဒိယဈေးကွက်ထဲ ပေါပေါများများ ဝင်ရောက်လာပါက ပြည်တွင်းလုပ်ငန်းများသည် ကိုဗစ်ကြောင့် အထိနာနေစဉ် တစ်ပူးပေါ် နှစ်ပူဆင့်ပြီး ပိတ်သိမ်းကြရသည့်အထိ ဖြစ်ကုန်နိုင်သည်။
RCEP သဘောတူညီချက်သည် ကုန်သွယ်ရေးကိုသာ အဓိကထားသည်။ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားစီးပွားရေးများအတွက် ဖော်ပြထားခြင်း မရှိချေ။ သို့သော် RCEP သည် ကိုဗစ်လွန်ကာလ ပြန်လည်နာလန်ထရေးအတွက် အလွန်လိုအပ်သော ပလက်ဖောင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သုံးသပ်ရပေသည်။