ပို့ကုန်ရငွေတွေကို ပြန်လည်ထည့်သွင်းဖို့ ပျက်ကွက်ပါက မှတ်ပုံတင်လက်မှတ်ဖျက်သိမ်းမယ်


21 March, 2019

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က ပြည်ပကို ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေတွေကို နိုင်ငံခြားငွေနဲ့ သက်ဆိုင်ရာဘဏ်စာရင်းမှာ ပြန်လည်ထည့်သွင်းဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ ၁၀၀ ကျော်အထိ စိစစ်တွေ့ရှိရပြီး နှစ်လအတွင်း ပို့ကုန်ရငွေ ပြန်လည်ထည့်သွင်းခြင်း မရှိပါက ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ်ဖျက်သိမ်းပြီးတော့ တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောပါတယ်။

အဆိုပါ စိစစ်တွေ့ရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မတ်လ ၁၉ ရက်မှ ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးမှာ နိုင်ငံခြားငွေနဲ့ ပြန်လည်ထည့်သွင်းပေးရမှာဖြစ်ပါတယ်။

ယင်းကာလအတွင်း ပြန်လည်ထည့်သွင်းဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ် ဖျက်သိမ်းခြင်းအပါအဝင် တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၂၀၁၂  ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ ၂၀၁၅ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအခန်း (၁၁)၊ ပုဒ်မ ၃၈-ခ မှာ မည်သူမျှပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်ရှိ ယင်းရဲ့ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေနဲ့ ထည့်သွင်းဖို့ ပျက်ကွက်ခြင်းမရှိစေရလို့ ပြဌာန်းထားပါတယ်။

အဆိုပါ ဥပဒေပြဋ္ဌာန်းချက်အရ ပြည်ပကို ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တွေသင်္ဘောတင်တဲ့ရက်မှ ခြောက်လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်းရဲ့ဘဏ်ငွေစာရင်းအသီးသီးသို့  နိုင်ငံခြားငွေနဲ့ ထည့်သွင်းဖို့ တာဝန်ရှိပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှ ပြည်ပကို အဓိကအားဖြင့် လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနဲ့ အခြားပစ္စည်းများ တင်ပို့နေပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ခုနှစ် မတ်လ ၈ ရက်အထိ ပြည်ပကို ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ခုနစ် ဘီလျံကျော်ရရှိထားကာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၆၇၀ ကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အထိရှိပြီး ပို့ကုန်တင်ပို့မှုကဏ္ဍမှာ အများဆုံးတင်ပို့ထားခြင်းဖြစ်ပါတယ်။

Eleven Media

Export, Import Read 383 times