SME လုပ်ငန်းရှင်များကို အကြံဉာဏ်ပံ့ပိုးပေးမည်


24 December, 2018

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ငန်းစတင်တည်ထောင်လုပ်ကိုင်လျက်ရှိသည့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်များကို ပျိုးထောင်ပေးမည့်အစီအစဉ်တစ်ခုအဖြစ် အကြံဉာဏ်များ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရပါတယ်။

လုပ်ငန်းစတင်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်များအနေနှင့် နယ်ပယ်အသီးသီးရှိ ကျွမ်းကျင်ပညာရှင် ၂၁ ဦးထံမှအစားအသောက် ဘေးကင်းလုံခြုံရေး၊ တီထွင်ဆန်းသစ်သည့် နည်းပညာများ၊ စီးပွားရေးစီမံခန့်ခွဲမှုနည်းလမ်းများ၊လူသားအရင်းအမြစ်စီမံခန့်ခွဲမှု၊ သစ်သီးဝလံ နှင့် စိုက်ပျိုးရေးဆိုင်ရာ အရောင်းမြှင့်တင်ရေးနည်းလမ်းများကို အကြံဉာဏ်များ လျှောက်ထားရယူနိုင်ကြောင်း ယင်းဦးစီးဌာနထံမှ သိရပါတယ်။

 “အခုလိုအကြံဉာဏ်ပေးမယ့်အစီ အစဉ်ကလည်း ကောင်းပါတယ်။ ဒါပေမဲ့ အကြံဉာဏ်ပေးတာထက် နိုင်ငံတကာအဆင့်မီတဲ့ နည်းပညာသင်တန်းတွေပါ ပံ့ပိုးပေးနိုင်ရင် ပိုအထောက်အကူဖြစ်မှာပါ” ဟု အစပျိုးဆပ်ပြာအဆီ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။မိမိအကြံဉာဏ်ရယူလိုသည့် ပညာရှင်နှင့် ရက်ချိန်းရယူလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဌာနခွဲမှူးဒေါ်အိအိခိုင် ဝ၉-၄၂၃၇၂၁၅၉၀၊ ကြီးကြပ်ရေးမှူးဒေါ်အေးသန္တာ ဝ၉-၄၂၅၀၅၇၇၈၄ တို့ထံ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ပညာရှင်များနှင့် ဆွေးနွေးမှုကို တစ်ကြိမ်လျှင် တစ်နာရီဆွေးနွေးပေးမည်ဖြစ်ကာ ကနဦးသုံးကြိမ်ကို အခမဲ့ဆွေးနွေးပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရပါတယ်။

အကြံဉာဏ်များပံ့ပိုးခြင်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ် ၃၅ ကျိုက် ဝိုင်းဘုရားလမ်း နှင့် မင်းဓမ္မလမ်းထောင့် SME Center၊ မရမ်းကုန်းမြို့နယ် အမှတ် ၅ သလ္လာဝတီလမ်းရှိ Incubation Center နှင့် မြန်မာပလာဇာအနီးရှိစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရပါတယ်။

The Voice

Tips Read 741 times