တရုတ်နှင့် နယ်စပ်ကုန်သွယ်မှုအတွက် ကုန်ပစ္စည်းဖလှယ်စနစ် (barter system) ဖြင့် ကုန်သွယ်မှုပြုရေးအတွက် အစိုးရချင်း (Government to Government) မကြာမီလက်မှတ်ရေးထိုးသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရနှင့် ကုန်ပစ္စည်း ဖလှယ်စနစ်ဆောင်ရွက်ရန် ရေးထိုးမည့် နားလည်မှုစာချွန်လွှာတွင် တိရစ္ဆာန်မွေးမြူရေး၊ ကျွဲ၊ နွားများ တရားဝင်တင်ပို့နိုင်ရေးတို့ ပါဝင်ပါတယ်။ ထို့ပြင် တင်ပို့ရာတွင် လိုအပ်သည့် ဆေးဝါးနှင့် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် AQSIQ (Agency for Quality Supervision Inspection and Quarantine) ဆိုင်ရာများကို တရုတ်နှင့် မြန်မာ့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆည်မြောင်းဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးမည်ဖြစ်ပါတယ်။
ကုန်ပစ္စည်းဖလှယ်စနစ်သည် မိမိဘက်က လိုအပ်သော ကုန်စည်နှင့် တစ်ဖက်နိုင်ငံက လိုအပ်သော ကုန်စည်များတင်သွင်းမှု၊ တင်ပို့မှုတန်ဖိုးများကို စာရင်းမှတ်၍ ကုန်ပစ္စည်းဖလှယ်သောစနစ် ဖြစ်ပါတယ်။ အဆိုပါစနစ်ကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံဘက်မှ ပေးပို့လာသောအချက်များအပေါ်တွင် လိုအပ်သည်များကို ထပ်မံဖြည့်စွက်၍ ရှေ့နေချုပ်ရုံး၏ သဘောထားကို တောင်းခံခဲ့ပါတယ်။ ထို့နောက် လက်ခံကြောင်း သံတမန်နည်းလမ်းအရ တရုတ်သို့ ပြန်လည်အကြောင်းထားပြီးဖြစ်သည်ဟု ဦးခင်မောင်လွင်က ပြောပါတယ်။
လက်ရှိအနေအထားအရ တရုတ်နှင့် နယ်စပ်ကုန်သွယ်မှုတွင် မြန်မာနိုင်ငံက အဓိကတင်ပို့သည့် ကုန်စည်များကို တရုတ်က တရားဝင်ဝယ်ယူခြင်းမရှိသည့်အတွက် တစ်ဖက်သတ်ကုန်သွယ်မှုကဲ့သို့ ဖြစ်နေပါတယ်။ ထို့ကြောင့် မြန်မာဘက်မှ နစ်နာမှုများရှိနေပြီး ကုန်ပစ္စည်းဖလှယ်စနစ်ဖြင့် ကုန်သွယ်မှုပြုနိုင်ပါက နှစ်ဖက်အကျိုးရှိမည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဌ ဦးဝင်းဌေးက ပြောပါတယ်။
ကုန်ပစ္စည်းဖလှယ်စနစ် ဖြစ်လာပါက မြန်မာနိုင်ငံဘက်မှ ကုန်စည်များ တင်ပို့နိုင်ပြီး တရုတ်ဘက်မှလည်း မိမိတို့လိုချင်သည့် ကုန်စည်ကို တင်သွင်းနိုင်ပါက အကန့်အသတ်ဖြင့်သာ ရောင်းဝယ်နေရသည့်စနစ်ကို ကျော်လွှားနိုင်မည်ဖြစ်ပါတယ်။ တရုတ် - မြန်မာ နှစ်ဖက်ညှိနှိုင်းချက်အရ ကျွဲ၊ နွားမတင်ပို့မီ ရောဂါစစ်ဆေးမှုပြုလုပ်ရန် ယာယီထိန်းသိမ်းရေးစခန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် တည်ဆောက်နေပါတယ်။ ယင်းနေရာတွင် ကျွဲ၊ နွားများကို ကျန်းမာရေးစစ်ဆေးပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့၍ရမည်ဟု စီးပွားကူးသန်းမှ တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်မှ စာရင်းများအရ ကျွဲ၊ နွား တစ်နှစ်လျှင် အကောင်ရေ ခုနစ်သိန်းခန့်ပြည်ပသို့ တင်ပို့နေပြီး သုံးသိန်းဝန်းကျင်သာ တရားဝင်လမ်းကြောင်းမှ ရောင်းဝယ်နေပါတယ်။ ထိုသို့ ဖြစ်ခြင်းမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်မရှိသည့်အတွက်ဖြစ်ပါတယ်။ တရုတ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးပြီးပါက တရားမဝင်လမ်းကြောင်းမှ သွားနေသည်များ ပပျောက်ခြင်း ရှိမရှိသည် သက်ဆိုင်ရာဌာနများ၏ ချမှတ်ထားသည့် မူများပေါ် တည်မှီနေပါတယ်။
အကယ်၍ ချမှတ်ထားသည့် စည်းမျဉ်းများ များပြားနေပါက တရားမဝင်လမ်းကြောင်းမှ ရောင်းဝယ်မှုများ အထိုက်အလျှောက် ရှိနေဦးမည်ဟု ဒေါက်တာကျော်ထင်က ပြောပါတယ်။ ထို့ကြောင့် တရားဝင်လမ်းကြောင်းမှ ရောင်းဝယ်မှုဖြစ်စေရန် အစိုးရအနေဖြင့် ကျွဲ၊ နွားများ တင်ပို့မှုတွင် ရောဂါကူးစက်ခြင်း မရှိစေရန် ထိန်းချုပ်ခြင်းမှအပ လွတ်လပ်စွာသွားလာခွင့်၊ ရောင်းဝယ်ခွင့်ရှိရန် လိုအပ်ပြီး အတားအဆီးလျော့လေ ဖွံ့ဖြိုးတိုးတက်မှုများလေဖြစ်ပါတယ်။
The Myanmar Times