ပြောင်းလဲသတ်မှတ်လိုက်သော အခွန်ကောက်ခံမှုနှုန်းထားများ


07 February, 2018

တစ်လလျှင် ကျပ် ၁၂၀၀၀၀ နှင့်အထက် ရရှိသော အစိုးရနှင့် ပုဂ္ဂလိက ဝန်ထမ်းများ အားလုံး ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ပြန်လည်၍ အခွန်ကြပ်မတ် ကောက်ခံတော့မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အိမ်ထောင်သည်များက တစ်လလျှင် ကျပ် ၁၈၀၀ ခန့် ပေးဆောင် ရမည် ဖြစ်ပြီး အိမ်ထောင်မရှိသူ (လူလွတ်) များမှာ ကျပ် ၂၀၀၀ ကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အခွန်နှုန်းထား သတ်မှတ်ချက်များအရ သိရသည်။

“ဒီသတ်မှတ်ချက်မှာက အိမ်ထောင်သည်က အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်းအပြင် သားသမီးနဲ့ ဇနီးအတွက် သက်သာခွင့် ထပ်ပေးထားပါတယ်။

လူလွတ်တွေကတော့ ၂၀ ရာခိုင်နှုန်းပဲ သက်သာခွင့် ရှိသည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးမှပြောကြားသည်။

၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ တစ်နှစ်လျှင် ကျပ် ၁၅ သိန်းနီးပါး ရရှိသူ မည်သူမဆို အခွန်ပေးဆောင်ရမည် ဖြစ်ပြီး လအလိုက် ပြန်လည် တွက်ချက်မည် ဆိုပါက တစ်လကျပ် ၁၂၀၀၀၀ ရရှိသူများ အားလုံး အခွန်ပေးဆောင်ရမည် ဖြစ်သည်။

“လူတိုင်း အကုန်ပေးဆောင်ရမှာပါ။ နှုန်းနည်းတာနဲ့ များတာပဲ ကွာမှာပါ။ မဆောင်သေးတဲ့ လူတွေလည်း ပေးဆောင်ရမှာပါ။ အဲလို ပေးဆောင်ဖို့အတွက် အရင်က ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်နိုင်ပေမယ့် အခုတော့ အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နဲ့ ပေါင်းပြီး လုပ်ဆောင်နေပါတယ်” ဟု ယင်းဌာန အကြီးတန်း အရာရှိက ပြောဆိုသည်။

အဆိုပါ ဥပဒေကို တပ်မတော်အစိုးရ လက်ထက်အတွင်းက အမိန့်ကြေညာစာတစ်ရပ် ထုတ်ပြန်၍ ရုပ်သိမ်းထား ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

 

 

 

 

 

 

 

 

 

 

ပျမ်းမျှတစ်နှစ်ဝင်ငွေခွန်ကို ခန့်မှန်းပြဌာန်းထားခြင်းဖြစ်သည်။

Taxation Read 5351 times