ထိုင်းရေနံကုမ္ပဏီက MD-7 လုပ်ကွက်၌ သဘာဝဓာတ်ငွေ့ စတင်ရှာဖွေမည်


06 May, 2019

ထိုင်းရေနံကုမ္ပဏီ PTTEP က၂၀၁၉ နှစ်ကုန်မှာ ကော့သောင်းမြို့ ကမ်းလွန်ကပ္ပလီပင်လယ်ရှိ MD-7 လုပ်ကွက်မှာ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ စတင်လုပ်ကိုင်မှာ ဖြစ်တယ်လို့ ၎င်းကုမ္ပဏီက ပြောပါတယ်။

ယင်းကုမ္ပဏီအနေနဲ့ အဆိုပါလုပ်ကွက် လုပ်ကိုင်ခွင့်တင်ဒါကို ၂၀၁၃ ခုနှစ်က ရရှိခဲ့ပြီး ရေပြင်အကျယ် ဧကနှစ်သန်းခန့် ရှိပါတယ်။ ရေနံစမ်းသပ်ရှာဖွေ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲတွေကို မြိတ်မြို့နယ်မှာ ဧပြီလအတွင်းက ဆောင်ရွက်ခဲ့ပါတယ်။

ထိုင်းအစိုးရပိုင်ရေနံကုမ္ပဏီ PTTEP က မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ကွက် ခြောက်ကွက်ရရှိထားပြီး လေးကွက်က ကမ်းလွန်လုပ်ကွက်တွေ ဖြစ်ပါတယ်။

လာမယ့် သုံးနှစ်အတွင်း မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက် လေးခုမှာ စမ်းသပ်ရှာဖွေရေးလုပ်ငန်းတွေ လုပ်ကိုင်မှာဖြစ်ပြီး အဆိုပါ လုပ်ကွက်တွေကတော့ ကမ်းလွန်လုပ်ကွက်သုံးခုနဲ့ ကုန်းဒါတွင်းလုပ်ကွက်တစ်ခု ဖြစ်ကြောင်း PTTEP (Myanmar) ဒုဥက္ကဋ္ဌ ဒေါက်တာ Pariyachat Oonkha - nond က ပြောကြားထားပါတယ်။

ထိုင်းကုမ္ပဏီရဲ့ အဆိုအရ ၂၀၁၈ မှ ၂၀၂၀ အတွင်း ထပ်မံရှာဖွေမယ့် ကမ်းလွန်လုပ်ကွက်တွေက မုတ္တမကမ်းလွန်နဲ့ တနင်္သာရီကမ်းလွန်ရှိ M-9, M-11, MD-7 ဖြစ်ပြီး ကုန်းတွင်းလုပ်ကွက်က မြန်မာနိုင်ငံအလယ်ပိုင်းရှိ MOGE - 3 လုပ်ကွက် ဖြစ်ပါတယ်။

ဒါ့ပြင် အဆိုပါကုမ္ပဏီက မြန်မာပိုင် မုတ္တမပင်လယ်ကွေ့မှာ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ သဘာဝဓာတ်ငွေ့သိုက်တစ်ခု တွေ့ရှိထားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

PTTEP ကုမ္ပဏီက ၂၀၁၈ နှစ်ကုန်က စတင်ပြီး ၎င်းတို့ လုပ်ကိုင်ခွင့်ရထားတဲ့ M-9 လုပ်ကွက်အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေရေးတွင်း ငါးတွင်းကို တူးဖော်ရာ အထက်ပါ သဘာဝဓာတ်ငွေ့သိုက်ကို တွေ့ရှိတာလို့ ပြောပါတယ်။

7Day Daily 

Local News Read 704 times