မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းလီမိတက် MAPCO သည် တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုဖြစ်သော CITIC လုပ်ငန်းစုနှင့်ပူးပေါင်းကာ စိုက်ပျိုး မွေးမြူရေး အခြေခံစီးပွားရေး စီမံကိန်းလုပ်ငန်း သုံးခုကို ၂ဝ၁၉ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော်သွားမည်ဟု MAPCO ဥက္ကဌဦးချစ်ခိုင်က ပြောသည်။
''တရုတ်နိုင်ငံရဲ့ ကြီးမားလှတဲ့ CITIC လုပ်ငန်းစုကြီးဟာ MAPCO နဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့အတွက် နှစ်ဖက်ညှိနှိုင်းမှုတွေ ရှိနေပါတယ်။ ကနဦးအာမခံအနေနဲ့လည်း သူတို့က ကန်ဒေါ်လာ ၁၇ သန်းကို ပေးအပ်သွားဖို့ အဆိုပြုထားပါတယ်။ ဒီလိုနှစ်ဖက်ပူးပေါင်းတွေဟာ မကြာခင်မှာလည်း အကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်''ဟု ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင် ပြုလုပ်သော MAPCO ကုမ္ပဏီ၏ ခြောက်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ပြောသည်။
၎င်းတို့အနေဖြင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု စင်တာစီမံကိန်း ASC (Agribusiness Sevices Center Project)၊ အင်ဂျင်နီယာနှင့် ကန်ထရိုက်လုပ်ငန်း စီမံကိန်း E&C (Engineering & Contracting) နှင့် မြန်မာတရုတ် ဆန်စပါးစက်မှု လုပ်ငန်းစီမံကိန်း MCRI (Myanmar China Rice Industry စသည့် စီမံကိန်းသုံးရပ်တို့ကို ပူးပေါင်းလုပ်ကိုင်သွားရန် ကုမ္ပဏီနှစ်ခုအကြား သဘောတူ ညှိနှိုင်းထားသည်ဟု MAPCO အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ထပ်မံရှင်းလင်းပြောသည်။
မြန်မာ−တရုတ် ဆန်စပါးစက်မှုလုပ်ငန်း စီမံကိန်းသည် တွံတေးမြို့နယ်ရှိ ဆန်စက်စီမံကိန်းအပြင် ကျိုက်လတ်၊ နေပြည်တော်၊မြောင်းမြနှင့် ရခိုင်ပြည်နယ် ကျောက်တော်တို့တွင် ဆန်စပါးလုပ်ငန်းများအတွက် ပူးပေါင်း ရင်းနှီးမြှုပ်နှံသွားမည့် စီမံကိန်းတစ်ရပ်လည်း ဖြစ်သည်။အင်ဂျင်နီယာနှင့် ကန်ထရိုက်လုပ်ငန်းစီမံကိန်းသည် CITIC လုပ်ငန်းစု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော CP Group ၏တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားသောကုမ္ပဏီ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ဆောင်မှုပေးရန် လုပ်ကိုင်သွားမည့်စီမံကိန်းတစ်ခုဖြစ်သည်။
''ဒီစီမံကိန်းနှစ်ခုက MAPCO နဲ့ CITIC လုပ်ငန်းစုရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြပြီးတာနဲ့ ၂ဝ၁၉ ခုနှစ်၊ နှစ်ဝက်လောက်အတွင်းမှာ စတင်အကောင်အထည်ဖော်သွားဖို့ ဆောင်ရွက်နေပါတယ်''ဟု MAPCO အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုစင်တာစီမံကိန်း ASC သည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃ မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးသွားမည့်အစီအစဉ်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် MAPCO ကုမ္ပဏီမှ စိုက်ပျိုးရေးလုပ်ငန်းများ ဖော်ဆောင်နေလျက်ရှိသည့် မြို့နယ် ခုနစ်မြို့နယ်အပြင် အခြားသော ကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိသည့် မြို့နယ်များတွင်လည်း ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။
၎င်းစီမံကိန်းတစ်ခုတည်းပင် ကန်ဒေါ်လာ သန်း ၄ဝဝ ဝန်းကျင်ခန့် အကုန်အကျခံ ဖော်ဆောင်ရမည့် စီမံကိန်းဖြစ်သည့်အတွက် ချေးငွေရယူရေးဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရအဖွဲ့ ခွင့်ပြုချက်ရရှိရေး ညှိနှိုင်းမှုများဆက်လက်ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောသည်။'' ASC Project အနေနဲ့က ရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့ စီမံကိန်းဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့ နှစ်ရာခိုင်နှုန်းအတိုးနဲ့ သက်သာတဲ့ချေးငွေကို ရယူဖို့လိုပါတယ်။ အဲဒီမှာ နိုင်ငံတော်အစိုးရရဲ့အာမခံမှုအပိုင်း၊ အကူအညီ ပေးမှုအပိုင်းတွေ လိုအပ်နေလို့ ညှိနှိုင်းမှုတွေအတွက် အချိန်ယူရမယ့် အခြေအနေဖြစ်နေပါတယ်''ဟု MAPCO အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။
CITIC လုပ်ငန်းစုသည် တရုတ်နိုင်ငံတွင် အောင်မြင်ထင်ရှားသည့် တည်ဆောက်ရေး လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့်အပြင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။MAPCO ကုမ္ပဏီသည် ၂ဝ၁၂ ခုနှစ်က စတင်တည်ထောင်ထားခဲ့သည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။ ခြောက်နှစ်တာ သက်တမ်းကာလအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုသာ အခြေစိုက် ဦးတည်နေခဲ့သည့် ကုမ္ပဏီဖြစ်သည်။''ကုမ္ပဏီအနေနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းကိုသာ ဦးတည်နေခဲ့တဲ့အတွက် ကုမ္ပဏီရဲ့ အကျိုးအမြတ်ရရှိမှု နည်းပါးခဲ့တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကြောင့် ၂ဝ၁၉ ခုနှစ်ကိုတော့ ကုန်သွယ်ရေးနဲ့ ထုတ်လုပ်မှုကဏ္ဍကို ဦးစားပေး အကောင်အထည်ဖော်ပြီး ရှယ်ယာရှင်တွေ အကျိုးအမြတ် များများရဖို့ ဆောင်ရွက်ရမယ့်နှစ်အဖြစ် သတ်မှတ်ထားပါတယ်''ဟု ဥက္ကဌဦးချစ်ခိုင်က ပြောသည်။
ကုမ္ပဏီအနေဖြင့်မူ ရင်းနှီးမြှုပ်နှံမှုများကို ဦးတည်နေခဲ့ခြင်းကြောင့် အစု ၁,ဝဝဝ စုအထက် ပိုင်ဆိုင်သည့် ရှယ်ယာရှင်များအတွက် နှစ်စဉ် အမြတ်ခံစားခွင့်များကို ခွဲဝေပေးနိုင်ခဲ့ခြင်းမရှိဘဲ အစုတစ်စုနှင့် အစု ၁,ဝဝဝ အထိ ပိုင်ဆိုင်သူများကိုသာ ဦးစားပေး ရှယ်ယာရှင်များအဖြစ် နှစ်စဉ်အကျိုးအမြတ် ခွဲဝေပေးခြင်းကိုသာ လုပ်ဆောင်ပေးခဲ့သည်။အခြားသော စီမံကိန်းများအဖြစ် MAPCO ကုမ္ပဏီသည် ထိုင်းနိုင်ငံမှ Samroiyod Corporation Limited ၏ မိတ်ဖက်လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ တန်ဖိုးမြင့် သီးနှံစည်သွပ်စက်ရုံကို တည်ထောင်ရန် ညှိနှိုင်းဆောင်ရွက်ထားသည်။ ၎င်းစီမံကိန်းကိုမူ တနင်္သာရီတိုင်းဒေသကြီး၊ ထီးခီးခရိုင်တွင် ဆောင်ရွက်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆန်းစစ်ချက်များ လုပ်ကိုင်နေလျက်ရှိသည်။
အလားတူ ကျိုက်လတ်မြို့နယ်တွင် ဖွဲနုဆီကြမ်းထုတ်လုပ်သည့် စက်ရုံတည်ထောင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ Fukuoka Seiyu ကုမ္ပဏီနှင့် ကနဦးသဘောတူညီမှုလက်မှတ်ရေးထိုးထားခြင်း၊ မြောင်းမြတွင် ဖွဲနုဆီကြမ်း ထုတ်လုပ်သည့် စက်ရုံတည်ထောင်နိုင်ရန် အိန္ဒိယနိုင်ငံမှ Navadurga Enterprise Pvt Ltd ကုမ္ပဏီနှင့် ကနဦးသဘောတူညီမှု လက်မှတ်ရေးထိုးခြင်းများကိုလည်း လုပ်ကိုင်ထားသည်။
Myanmar Time